Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသော KIA တပ်ဖွဲ့ဝင်များ။

ကချင်ပြည်နယ် မိုးမောက်မြို့အနီးရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်သော ခမရ ၄၃၇ တပ်ရင်းကို ယနေ့ သိမ်းပိုက်ပြီးနောက် မိုးမောက်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ် KIA က ထိန်းချုပ်လိုက်ပြီဟု သိရသည်။

ခမရ ၃၄၇ တပ်ရင်းကို ယနေ့ ဩဂုတ်လ ၁၉ ရက် နံနက်ပိုင် သိမ်းပိုက်လိုက်ပြီး မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ ကင်းစင်သွားပြီဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မိုးမောက် ခမရ ၄၃၇ တပ်ကို ရပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

မိုးမောက်မြို့အနီးရှိ ခမရ ၄၃၇ တပ်ရင်းကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှ စတင်တိုက်ခိုက်ခဲ့ပြီး ၁ လနီးပါးကြာ ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်တွင် တပ်ရင်းတစ်ခုလုံးအား သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ခမရ ၄၃၇ တပ်ရင်းသည် အင်အား ၅၀၀ ဝန်းရှိသော စစ်ကောင်စီ တပ်စခန်းကြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် နယ်မြေရှင်းလင်းရေးလုပ် ဆောင်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

“မိုးမောက်မြို့နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ ခမရ-၄၃၇ တပ်ရင်းဌာနချုပ်ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ညနေ ၃ နာရီ ၁၀ မိနစ်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။ မိုးမောက်မြို့နယ်မှာ စစ်ခွေးကင်းစင်သွားပါပြီ။ ထွက်​ပြေးသွားတဲ့ စစ်ခွေးတွေကို လိုက်လံရှင်းလင်းနေတယ်။ သိမ်းဆည်းရရှိတဲ့ လက်နက်တွေက အရမ်းများလွန်းတယ်” ဟု ပြောသည်။

မိုးမောက်မြို့ရှိ မြို့မရဲစခန်းနှင့် တပ်ရင်းများကို မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မိုးမောက်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)

ဆက််စပ်သတင်းများ