Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် လူငယ် အမျိုးသား၊ အမျိုးသမီးများကို စစ်သားစုဆောင်းခြင်းနှင့် စစ်မှုမထမ်းမနေရ သတ်မှတ်ခြင်းများကို လုံးဝပြုလုပ်မည်မဟုတ်ဟု ကိုးကန့်တပ် MNDAA က ကတိပေးပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့က အရပ်ကွက် ၃ နှင့် ၄ တို့တွင် ပြည်သူလူထုများနှင့်တွေ့ဆုံစဉ် ကိုးကန့်တပ် MNDAA တာဝန်ရှိသူအချို့က ပြောဆိုခဲ့ခြင်းဖြစ်သည်။

လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ လူထုလုပ်ငန်းအဖွဲ့ အကြီးအကဲ/ ကွတ်ခိုင်ခရိုင်ပါတီ ကော်မတီဒုတိယအတွင်း ရေးမှူး Mr. Li Xinhai က ယခုလို ပြောသည်။

“လားရှိုးမှာ စစ်မှုမထမ်းမနေရ လူငယ်တွေကို စစ်သား စုဆောင်းတာ လုံးဝမရှိပါဘူး။ မဟာ မိတ်တပ်သည် ပြည်သူမှ ဆင်းသက်လာကာ ပြည်သူအတွက်တာဝန်ထမ်းဆောင်နေပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ဘယ်အရာကိုမျှ လုပ်မှာမဟုတ်ဘူး။ ” ဟု ပြောဆိုခဲ့သည်။

လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီအဖွဲ့က လူထုတွေ့ဆုံပွဲများပြုလုပ်နေပြီး ပြည်သူများ၏ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန်နှင့် ပြည်သူများအကြား ပူးပေါင်းပါဝင်နိုင်ရေးကို ပြောဆိုဆွေးနွေးနေသည်။

လက်ရှိတွင် မလိုလားအပ်သော ကောလာဟလများကို ဖြန့်ကျက်ပြီး လူထုက နားလည်မှုလွဲကာ ယင်းစကားကို နားမထောင်ဘဲ မဟာမိတ်တပ်ကို ကြောက်လန့်စရာမလိုအပ်ကြောင်း သိရသည်။

ပြည်သူ့လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ Mr. Li Xinhai က မဟာမိတ်တပ်သည် မြို့တွင်းဝင်ရောက်ပြီးနောက် ခိုးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု စသည် တို့ကို အရှိန်မြှင့်နှိမ်နင်းခဲ့ကြောင်း ဆိုသည်။

တစ်ချိန်တည်းမှာပင် အထူးဒေသ (၁) ရဲတပ်ဖွဲ့၏ လုံခြုံရေးအဖွဲ့တည်ရှိမှုသည် မြို့ပြလုံခြုံရေးကို များစွာတိုးတက်ကောင်းမွန်စေသော်လည်း လားရှိုးမြို့တစ်မြို့လုံးအတွက် လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်းလည်း ပြောသည်။

ထို့ကြောင့် လားရှိုးမြို့သူမြို့သားများအား တရားမ၀င် မှုခင်းမျိုးစုံကို ဖော်ထုတ်တင်ပြ တိုင်ကြားရန်၊ လားရှိုးမြို့လူထုလုံခြုံရေးလုပ်ငန်းများကို ပူးပေါင်းထိန်းသိမ်းရန် MNDAA က တိုက်တွန်းထားသည်။

လားရှိုးမြို့ပေါ်ရှိ ကွန်ရက်ဆက်သွယ်ရေးပြဿနာအတွက် ရပ်ကွက်တစ်ခုစီတွင် ကွန်ရက်ဆာဗာတစ်ခု တပ်ဆင်ရန်နှင့် ဒေသခံများကို အခမဲ့အသုံးပြုခွင့်ပေးရန် ညွှန်ကြားထားကြောင်း MNDAA က ရှင်းလင်းပြောဆိုသည်။

လားရှိုးမြို့သူမြို့သားများအနေဖြင့် မိမိတို့၏မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိနိုင်စေရေးနှင့် လားရှိုးမြို့၏ လက်ရှိအခြေအနေကို အင်တာနက်မှတစ်ဆင့် အသိပေးနိုင်စေရန် မျှော်လင့်ကြောင်း၊ ထို့ပြင် မြို့ပြဆက်သွယ်ရေးကွန်ရက်ကို အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များသည် ကွန်ရက်ဆက်သွယ်ရေးကိရိယာအချို့ကို ပြုပြင်လျက်ရှိရာ ယခုအခါ လားရှိုးမြို့ရှိ ရပ်ကွက် ၁၂ မှာ “MYTEL” ကွန်ရက် ဆက်သွယ်မှုကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ