Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် အမ်းမြို့နယ်နှင့် မောင်တောမြို့တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မိမိတို့၏သတ်မှတ်လစာအား မရရှိကြသည်မှာ ၂ လအထိ ရှိနေပြီဟု စစ်တပ်အသိုင်းဝန်းထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇွန်နှင့် ဇူလိုင်လအတွက် သတ်မှတ်လစာများကို မရရှိသေးခြင်းဖြစ်ပြီး လမ်းကြောင်းအဆင်မပြေ၍ ငွေမရောက်သည့်အကြောင်းပြချက်ပေးနေကြောင်း စစ်တပ်အသိုင်းဝန်းမှ အမ်းမှာတာဝန်ကျ အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“လစာမရတာ ၂ လရှိပြီ။ ငွေပို့ဖို့ လမ်းကြောင်းတွေ အဆင်မပြေတာကြောင့်လို့တော့ သိရတယ်။ တခြားတော့လည်း မသိဘူး။ ရတော့ရမယ်ပေါ့။ အဲ့လိုမျိုးပဲ” ဟု ပြောသည်။

လစာမရကြသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အမ်းမြို့ဒေသခံပြည်သူများအား စစ်ဆေးရေးတင်းကျပ်မှု ပိုလုပ်ကာ ငွေတောင်းခံနေသည်ဟု အသက် ၂၈ နှစ်အရွယ် အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်ကလည်း တင်းကျပ်စစ်ဆေးတာတွေ လုပ်နေတာပါပဲ။ အခုနောက်ပိုင်းတော့ ပိုလာတယ်။ ဒီလအတွင်းမှာ မြို့ပေါ်အပြင် နယ်ဖက်ကလူတွေကိုပါ ဖမ်းဆီးတာတွေ ပိုလုပ်လာတယ်။ အဓိက ကုန်စည်တွေ သယ်ယူတဲ့သူတွေ အဖမ်းခံကြရတာများတယ်။ အဖမ်းခံရရင် ကုန်တွေပြန်မရကြဘူး။ လူဆိုရင်လည်း ငွေပေးမှ ပြန်လွှတ်လိုက်တာတွေ များတယ်” ဟု ပြောသည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ပညာရေးဝန်ထမ်းများပါ ဇူလိုင်လအတွက် လစာမရရှိသေးကြောင်း ပညာရေးအသိုင်းဝန်းမှ သိရသည်။

အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် AA တို့ လက်ရှိတွင် တိုက်ပွဲများရပ်တန့်နေသော်လည်း ကြိုကြားတိုက်ပွဲများနှင့် စစ်ရေးတင်းမာနေသည့် အခြေအနေရှိကြောင်း ဒေသခံ စစ်ရေးသိသူများက ပြောဆိုကြသည်။

မောင်တောမြို့တွင်လည်း စစ်ကောင်စီ၏ တစ်ခုတည်းကျန်ရှိနေသေးသော နခခ (၅) မြို့စောင့်တပ်မှာ စစ်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ လစာမရသည်မှာ ဧပြီလကတည်းဖြစ်သည်ဟု နခခ (၅) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

” ၄ လပိုင်းနဲ့ ၆ လပိုင်းအတွက် ဇနီးသည်တွေကို တစ်ဝက်ပေးပါတယ်။ ကျန်လစာတစ်ဝက်ကို အမျိုးသားတွေကို ပေးမယ်ဆိုပြီး အခု မပေးသေးပါ။ ၇ လပိုင်းလစာလည်း မရသေးပါရှင့်။ အခု နခခ ၅ ထဲမှာ ရိက္ခာလည်းပြတ်လပ်နေပြီလို့ သိရပါတယ်။ လက်အောက်ငယ်သား ရဲဘော်တွေကို အထက်အရာရှိကြီးတွေကို ရိက္ခာမရှိတော့ဘူးလို့ သွားပြောရင် မရှိရင်မစားကြနဲ့ပေါ့ကွာ ဆိုပြီး ပြန်ပြောလွှတ်နေပါတယ်။ အရာရှိကြီးတွေရဲ့ ဆက်ဆံမှုက တော်တော်လေးကို ဆိုးရွားနေတာပါ။ နခခ ၂ လည်းကျသွားပြီဆိုတော့ နခခ ၅ တစ်ခုတည်း မနိုင်တော့ဘူးဆိုတာကိုသိလို့ အညံ့ခံမယ်ဆိုတာကို အထက်အရာရှိကြီးတွေက လက်မခံကြဘူး။ ” ဟု ပြောသည်။

လစာလည်းမရ၊ ထမင်းလည်းဝအောင် မစားရသည့်အပြင် လက်နက်အင်အား၊ လူအင်အားလည်း မမျှခြင်းကြောင့် မကြာခင် နခခ ၅ လည်း ကျဆုံးတော့မည်ကို သိနေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက လက်နက်ချအညံ့ခံလိုသော်လည်း စစ်တပ်အရာရှိကြီးများက လက်နက်အညံ့မခံကြကြောင်း စုံစမ်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် တစ်ခုတည်းကျန်ရှိနေသော နခခ ၅ မြို့စောင့်တပ်နှင့် ယင်းလက်အောက်ခံ စခန်းငယ်များအပါအဝင် လက်သပ်မွေးထားသော မွတ်ဆလင် လက်နက်ကိုင်များဖြင့် မောင်တောမြို့ထဲ ရပ်ကွက်အလိုက် အဆင့်ဆင့်ပြင်ဆင်ကာ AA ထိုးအား ခုခံကာကွယ်နေသည်။

စစ်ကောင်စီ၏ ရပ်ကွက်အလိုက် အဆင့်ဆင့် ခုခံကာကွယ်ထားသည့် ကြားက မောင်တော တစ်ဝက်နီးပါးကို AA က ထိုးဖောက်ဝင်ရောက်ပြီး စစ်ကောင်စီ ပိတ်လှောင်ထားသော မွတ်ဆလင်များကို ကယ်ထုတ်ပေးနေကာ လက်ရှိတွင် မွတ်ဆလင် နှစ်သောင်းကျော်ကို ကယ်ထုတ်ထားပြီဟု AA က ထုတ်ပြန်ထားသည်။

ဆက််စပ်သတင်းများ