Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ-The Diplomat

ဘူးသီးတောင်တွင် အရပ်သားများကို သတ်ဖြတ်ခဲ့

အာရက္ခတပ်တော် AA ကို စစ်ကောင်စီတပ်က ARSA (အာဆာ)နှင့် လက်တွဲပြီး ပူးပေါင်းတိုက်ခိုက်နေခဲ့ကြောင်း ဖမ်းဆီးခံထားရသည့် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၅၃ရဲ့ တပ်ခွဲမှူးက ထုတ်ဖော် ပြောဆိုလိုက်သည်။

မကြာသေးခင်က AAထံ လက်နက်ချအဖမ်းခံခဲ့ရသည့် ခမရ ၃၅၃၏ တပ်ခွဲမှူး ဗိုလ်မှူးလှိုင်ဝင်းထွန်းက ဘူးသီးတောင်မြို့မှာ The Diplomat သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာမှာ ယင်းကဲ့သို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဗိုလ်မှူးလှိုင်ဝင်းထွန်းက ပြောဆိုချက်တွင် ဘူးသီးတောင်မြို့နယ်မှာ မွတ်ဆလင် ၇၅၀ဦးကို စစ်သင်တန်းပေးခဲ့ပြီး ARSAအဖွဲ့နှင့်လည်း စစ်ရေးအရ ပူးပေါင်းဖို့ စစ်ကောင်စီတပ်က ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ အဲ့ဒီ ++++ကို သင်တန်းပေးတယ်။ သင်တန်းပေးပြီးတော့မှ ကျနော်သိရသလောက် ARSAအဖွဲ့ကိုပါ ပူးပေါင်းပြီးတော့ သင်တန်းပေးတာတွေ၊ စစ်ရေးအရ လှုပ်ရှားဆောင်ရွက်နေတာတွေလည်း ကျနော် အနေနဲ့ သိရတယ်။ ၇၅၀ကို ဘူးသီးတောင်ပတ်ခြာလည်မှာရှိတဲ့ ခြေကုပ်ယူထားတဲ့ နေရာတွေမှာ အင်အားတွေ လိုက်ဖြည့်ပြီးတော့မှ စစ်ရေးအရ တိုက်ပွဲဝင်မယ်ဆိုပြီးတော့မှ ပြန်ခွဲပြီး စေလွှတ်ထားတာတွေရှိပါတယ်” ဟုပြောသည်။

ထို့အပြင် ဘူးသီးတောင်မြို့ပေါ်တွင် ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့ရန်အတွက် စစ်ကောင်စီက စစ်သင်တန်းပေးထားသော မွတ်ဆလင်များနှင့် ARSAကို စစ်ဘက်ရေးရာလုံခြုံးရေး တပ်ဖွဲ့ဖက်က ဆောင်ရွက်ခိုင်းခဲ့ကြောင်း ဆိုသည်။

ဘူးသီးတောင်မြို့တွင် အရပ်သားတွေ အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခံရမှုတွင် စစ်တပ်အရာရှိ အကြီးအကဲများလည်း ကျူးလွန်ရာတွင် ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးရွာတွေက ရခိုင်လူမျိုးတွေ၊ မွတ်စလင်၊ ဟိန္ဒူလူမျိုးတွေကို စရဖအဖွဲ့တွေက အာရက္ခတပ်တော်နဲ့ ပက်သက်ဆက်နွယ်တယ်ဆိုပြီးတော့မှ ဖမ်းဆီးခေါ်ဆောင်ပြီး မေးမြန်းပြီး နှိပ်စက်ရိုက်နှက်တာတွေရှိတယ်။ အဲ့ဒီအခြေအနေပေါ်မှာ သေဆုံးသွားရတာတွေ၊ အသတ်ခံရတာတွေရှိတယ်လို့လည်း ကျနော်အနေနဲ့ သိရှိရပါတယ်။ အဲ့ကိစ္စတွေကိုတော့ စရဖအဖွဲ့က ဗိုလ်ကြီး ခိုင်မင်းဇော်တို့ ဦးစီးပြီးတော့မှ ဆောင်ရွက်တာပါ။ ကျွန်တော်တို့ ကွပ်ကဲမှုက မတူပါဘူး”ဟုပြောသည်။

ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွင် လူနေအိမ် ၂၈၇၂ လုံးဖျက်ဆီးခံခဲ့ရပြီး၊ ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း၊ ဗလီတစ်လုံး၊ ဟိန္ဒူဘုရားကျောင်း ၂ ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း ပျက်စီး ခံခဲ့ရကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် ဘူးသီးတောင်မြို့ကို ပြီးခဲ့သည့် ဇွန်လက စ၍ သိမ်းပိုက်ခဲ့ပြီး မောင်တောမြို့ကိုလည်း သိမ်းပိုက် ရရှိနိုင်ရေး ထိုးစစ်ဆင်းတိုက်ခိုက်နေသည်။ စစ်ကောင်စီသည် ၎င်းတို့ သင်တန်းပေးထားသည် မွတ်ဆလင် လက်နက်ကိုင်များကိုလည်း AA ကို တိုက်ခိုက်ခိုင်းစေနေကြောင်း ဒေသခံများကလည်း အခိုင်အမာ ပြောဆိုထားသည်။

ဆက််စပ်သတင်းများ