Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအားတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

(ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း AA နှင့် ထိတွေ့ဆက်ဆံရေး တိုးမြှင့်သင့်ဟုဆို)

အာရက္ခတပ်တော် AA အနေဖြင့် ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအပါအဝင် အရပ်သားပြည်သူများအား ကာကွယ်ပေးရေးအတွက် ပြည်တွင်းပြည်ပရှိ မွတ်ဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း International Crisis Group (ICG) အကြံပြုတိုက်တွန်းထားသည်။

ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအရေးနှင့် ULA/AA နှင့် မြန်မာစစ်တပ် (စစ်ကောင်စီ) တို့ စစ်ရေးအခြေအနေအပေါ် ဆန်းစစ်သော အစီရင်ခံတစ်စောင်ကို ICG က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် AA အနေဖြင့် မွတ်ဆလင်များအရေးနှင့်ပတ်သက်ပြီး မီးလောင်ဗုံးများ တောက်လောင်သကဲ့သို့ အသုံးအနှုန်း၊ အပြောအဆိုများကို ရှောင်ရှားသင့်ကြောင်းလည်း ICG က ဆိုသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ မောင်တောမြို့ နတ်မြစ်ကမ်းဘေး ဖြစ်စဉ်နှင့်ပတ်သက်၍ AA က ထုတ်ပြန်ထားသော အစီရင်ခံစာတွင် နှစ်ဖက်အသိုင်းအဝိုင်းကို ထိခိုက်စေသော အသုံးအနှုန်းများ ပါဝင်သည်ကို ICG က ထောက်ပြလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ULA/AA ၏ အစီရင်ခံစာသည် ယုံကြည်ရသော စုံစမ်းစစ်ဆေးမှုအစီရင်ခံစာဖြစ်ရေးအတွက် ပြည်တွင်းပြည်ပရှိ မွတ်ဆလင်တက်ကြွလှုပ်ရှားသူများ၊ ခေါင်းဆောင်များဖြင့် တွေ့ဆုံဆွေးနွေး စကားပြောသင့်သည်ဟု ICG က တိုက်တွန်းနေသည်။

ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်များအပါအဝင် ရခိုင်ပြည်အတွင်းက မွတ်ဆလင်လူမျိုးများကို အာရက္ခတပ်တော် AA အနေဖြင့် အပြည့်အဝ ကာကွယ်ပေးရေးကိုလည်း ICG က တောင်းဆိုထားပြန်သည်။

ရခိုင်ပြည်အတွင်းက မြန်မာစစ်တပ်အား နှင်ထုတ်နေခြင်းကို သိရှိပြီးနောက် ရခိုင်ဒေသအား AA က တရားဝင်အုပ်ချုပ်သူ အာဏာပိုင်အဖြစ် ပေါ်ပေါက်လာနိုင်သည့်အတွက် တည်ငြိမ်အေးချမ်းရေးအတွက် AA သည် မွတ်ဆလင်များနှင့် ဆက်ဆံရေးကို ပြုပြင်သင့်ကြောင်းလည်း ICG ထုတ်ပြန်ချက်က ဆိုသည်။

မွတ်ဆလင်များအရေးနှင့်ပတ်သက်ပြီး စွပ်စွဲခံနေရသည့်အပေါ်တွင်လည်း အာရက္ခတပ်တော် AA အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို ပံ့ပိုးပေးကာ လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာ တူညီသောရည်ရွယ်ချက်များပါ အဖွဲ့များဖြင့် နည်းလမ်းရှာဖွေသင့်ကြောင်း အကြံပြုထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်လည်း နယ်စပ်ဒေသတည်ငြိမ်းစေရေးအတွက် အာရက္ခတပ်တော် AA နှင့် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်သင့်ပြီး ရခိုင်ပြည်အတွင်း လိုအပ်နေသော အရေးပေါ်ကူညီကယ်ဆယ်ရေးများ၊ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို နိုင်ငံတကာအကူအညီပေးရေး အလှူရှင်များအနေဖြင့် ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် တိုးချဲ့လုပ်ဆောင်နိုင်ရန် နည်းလမ်းများရှာဖွေသင့်ကြောင်း ICG က ထုတ်ပြန်တိုက်တွန်းထားသည်။

ဆက််စပ်သတင်းများ