Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - သံတွဲမြို့နယ်က ကျေးရွာဒေသခံများ စစ်ရှောင်ရန်ပြင်ဆင်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ အတွင်းက တွေ့ရစဉ်။ (ဓါတ်ပုံ - လေးဝတီအက်ဖ်အမ်)

(အရပ်သား ၃၀ ကျော်သေဆုံးပြီး AA တပ်သားအချို့လည်းသေဆုံးဟုဆို)

ရခိုင်ပြည် သံတွဲမြို့နယ်မှာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက တိုက်ပွဲဧရိယာအတွင်း ပိတ်မိနေသော အရပ်သားပြည်သူများကို ကယ်ထုတ်လာသည့် ယာဉ်တန်း ဩဂုတ်လ ၂၇ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲပြင်းထန်နေသည့် မောင်ရွှေလေးရေတပ်အနီးက မော်ရုံကျေးရွာနှင့် ကျောက်ကလပ်ကျေးရွာက အရပ်သားများကို ကား ၃ စီးဖြင့် ကယ်ထုတ်လာစဉ် လမ်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖြစ်စဉ်သိသည့် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

” မော်ရုံနဲ့ ကျောက်ကလပ်က ရွာသားတွေ တိုက်ပွဲအတွင်းမှာ ထွက်မရောက်နိုင်လို့ AA တပ်ဖွဲ့ဝင်တွေက ကား ၃ စီးနဲ့ သွားကယ်ထုတ်လာတာ။ လမ်းမှာ ဗုံးကြဲခံရတယ်။ ကားတစ်စီးပေါ်ကို ဗုံးထိတယ်လို့ ပြောတယ်။ အရပ်သား လူ ၃၀ ကျော်နဲ့ AA တပ်ဖွဲ့ဝင်အချို့ သေသွားတယ်လို့ သိရတယ်။ ကျန်တဲ့ ကားနှစ်စီး အခြေအနေတော့ မသိရသေးဘူး။ ဖုန်းလိုင်းတွေက သိပ်မရတော့ စစ်ရေးအခြေအနေတွေ သိဖို့က အရမ်းခက်နေတယ်။ ” ဟု ပြောသည်။

အဆိုပါ ကား ၃ စီးမှာ ကပ်လျှက်သွားလာခြင်းမဟုတ်ဘဲ ခပ်ခွာခွာသွားကြောင်းနှင့် ယခု ထိမှန်သွားသော ကားမှ ဆင်ဒင်ကလေးကျေးရွာက ကူညီပေးသော ပရဟိတကားဖြစ်ပြီး အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ AA က တရားဝင်ထုတ်ပြန်ခြင်း မတွေ့ရသေးပေ။

အာရက္ခတပ်တော် AA က သံတွဲမြို့ပေါ်နှင့် ငပလီမြို့ပေါ်ကို ထိန်းချုပ်ထားနိုင်သော်လည်း တစ်မြို့နယ်လုံးကို အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် တစ်ခုတည်းကျန်ရှိနေသေးသော မောင်ရွှေလေးရေတပ်ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မောင်ရွှေလေးရေတပ်ကို AA က သိမ်းလိုက်ပြီဟု ပြည်တွင်းပြည်ပ မီဒီယာအချို့မှာ တွင်တွင်ကျယ်ကျယ် ဖော်ပြခဲ့ကြသော်လည်း ယမန်နေ့ ဩဂုတ်လ ၂၉ ရက် AA ၏ ထုတ်ပြန်ချက်အရ မောင်ရွှေလေးရေတပ်အနီး တိုက်ပွဲက ဆက်လက်ရှိနေကြောင်း သိရသည်။

သံတွဲဒေသခံ နောက်ထပ် လူငယ်တစ်ဦးက ” သံတွဲမြို့နယ်က သတင်းတွေကို သေချာအတည်ပြုပြီးမှ ဆင်ဆင်ခြင်ခြင် သတင်းလွှင့်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။ စစ်ကောင်စီဟာ အထိနာပြီ၊ ရှုံးပြီဆိုရင် အရပ်သားရှိရာနေရာတွေကို လေကြောင်းက တရပ်စပ် ဗုံးကြဲတာတွေ၊ လက်နက်ကြီးလှမ်းပစ်ခတ်တွေ လုပ်နေလို့ပါ။ သေသွားရတဲ့သူတွေအတွက် အရမ်းဝမ်းနည်းရလို့ပါ။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ မောင်တော၊ သံတွဲ၊ ဂွ ကျိန္တလီမြို့များတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန်ပွားနေကြပြီး ယခုရက်ပိုင်းအတွင်း စစ်တွေမြို့နှင့် အမ်းမြို့နယ်တို့တွင် အပြန်အလှန်ပစ်ခတ်သံများ ကြားနေရသည်ဟု သိရသည်။

ဆက််စပ်သတင်းများ