Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ကောက်နုတ်ချက်)

ရခိုင်ပြည်မှာ စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်နေချိန် လက်ရှိတွင် အာရက္ခတပ်တော် AA ၏ စစ်ရေးအခြေအနေ ကောင်းနေသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

■ ရခိုင်ပြည်လွတ်မြောက်တော့မှာလား မေးခွန်းအပေါ်မှာ –

” ကျနော်တို့ ရခိုင်ပြည် လွတ်မြောက်တော့မှာလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးမှတော့ အချိန်ကာလအားဖြင့် မေးဖို့တော့ မလွယ်ပါဘူး။ အချိန်ကာလအားဖြင့် ပြောရတော့ ခက်တယ်။ သို့သော် အခြေအနေအပေါ်မှာ မူတည်ပြီးတော့မှ ပြောလို့တော့ ရတယ်။ ကျနော်တို့ ရခိုင်ပြည်ထဲမှာ စစ်ရေးအရတော့ တော်တော်လေးကို ကြိုးစားပြီးမှ တိုက်ပွဲဝင်နေတယ်။ အခြေအနေလေး တော်တော် ကောင်းတဲ့အနေအထားရှိပါတယ်။ စိန်ခေါ်မှုတော့ သူ့နေရာနဲ့သူ ရှိမှာပေါ့။ ဥပမာအားဖြင့်ဆိုရင် ရန်သူ့ဖက်က ရေတပ်အင်အားကို အဓိက အခြေပြုပြီးမှ သူလည်း ခုခံစစ်ဆင်နွှဲတာတို့ အခုနောက်ပိုင်း ဒီ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဆီကနေ ဒရုန်းနဲ့ တခြားသော နည်းပညာတွေကို ပိုပြီးဖြည့်စွမ်းနိုင်လာတာတွေကို ကျနော်တို့ တွေ့ရတယ်။ သို့သော်လည်းပဲ ဒါ စစ်မြေပြင်ရဲ့ လျှို့ဝှက်ချက်ကိုယ်စီနဲ့ဆိုတော့ ကျနော်တို့လဲ ကျနော်တို့ကိုယ်စီနဲ့ဆိုတော့ ဆက်လက်ပြီးမှ ထိုးစစ်ဆင်တိုက်ခိုက်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒီကြားထဲမှာ ရခိုင်ဒေသတစ်ခုတည်းကို ကြည့်ပြီးမှတော့ ဘယ်ဟာဘာဖြစ်မှာဆိုတာကို ပြောဟောလို့မရပါဘူး။ ရခိုင်ဒေသနဲ့ ဆက်စပ်တဲ့ ပတ်ဝန်းကျင်ရော၊ မြန်မာတစ်ပြည်လုံးအတိုင်းအတာ ပြီးတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံများရဲ့ အခြေအနေတွေကိုပါ ဆက်စပ်ပြီးမှ ဒီအောင်မြင်မှုဆိုတာကို ဘယ်ပုံစံနဲ့အဆုံးသတ်အောင် လုပ်ရမလဲဆိုတာကို အကုန်လုံးဝိုင်းဝန်းပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ “

■ ရခိုင်ပြည်ကနေ စစ်ကောင်စီကို မောင်းထုတ်နိုင်တော့မည်လား မေးခွန်းအပေါ်မှာ –

” ဟုတ်ကဲ့ … စစ်မြေပြင်အနေအထားတွေအရတော့ ကျနော်တို့ ဆက်ပြီးမှ အောင်မြေချဲ့လို့ရမယ့် အရွေ့ဘက်ကိုရှိပါတယ်။ သို့သော် ကျနော်တို့ဖက်က သေချာစဉ်းစားကြည့်ရင် နယ်မြေအရ ကျယ်ပြန့်လာတယ်။ ရန်သူကိုမောင်းထုတ်နိုင်တယ်ဆိုတဲ့ဟာထက် ပိုပြီးမှ အရေးကြီးသော အောင်မြင်မှု အာမခံချက်တွေကို ကျနော်တို့ဖက် စဉ်းစားဖို့လိုတယ်။ ဒါ့ကြောင့် သူတို့ဖက်ကို (စစ်ကောင်စီ) တိုက်တဲ့အချိန်မှာ သူက မခံနိုင်လို့ နောက်ဆုတ်သွားပေမယ့် တစ်ချိန်ချိန်မှာ ပြင်ဆင်ပြီးမှ ပြန်လည်ထိုးဖောက်ရောက်လာတာလဲ ဖြစ်နိုင်တာပဲ။ ဒါ့ကြောင့် ယာယီအားဖြင့် နယ်မြေ ရရှိမှုတွေထက် ပိုပြီးမှ သေချာတဲ့ အာမခံချက်ရအောင်လည်း စစ်ရေးအရရော၊ နိုင်ငံရေးအရရော ဆက်လက်ပြင်ဆင်ပြီး လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။ “

ဧရာဝတီ မြန်မာပိုင်းနှင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်မှ အချို့ကို ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

ဆက််စပ်သတင်းများ