Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ပြီးခဲ့သည့် ဇွန်လ ပထမအပတ်အတွင်း ရခိုင်ပြည် စစ်တွေမြို့အနီးရှိ ကျေးရွာ ၁၂ ရွာထက်မနည်းမှ ပြည်သူများကို အာဏာသိမ်း စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်ခဲ့သည်။

စစ်တွေမြို့အနီးက နှင်ထုတ်ခံခဲ့ရသည့် ကျေးရွာများမှာ ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာများဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိ အဆိုပါကျေးရွာများအတွင်း အဆောက်အဦးအမြင့်၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် စစ်ကောင်စီက တပ်ဖွဲ့ဝင်များ ရာနှင့်ချီ နေရာယူတပ်စွဲထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” စစ်ကောင်စီက စစ်တွေမြို့ကို AA က တစ်ရက်ရက် တိုက်လာမှာသိလို့ အနီးအနားက လူနေရွာတွေကို ဖြိုဖျက်ဖယ်ရှားခဲ့တယ်။ ရွာ ၁၂ ရွာလောက်မှာ လူမရှိတော့ဘူး။ ပလ္လင်ပြင်နဲ့ အောင်ဒိုင်မှာဆိုရင် အင်အား ၁၀၀ နဲ့ အထက်ကိုရှိတယ်။ ပြီးတော့ အဲဒီရွာက တပ်စခန်းတွေမှာ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ထားတဲ့ မွတ်ဆလင်တွေလည်း အများကြီးပါနေတယ်။ ” ဟု ပြောသည်။

ဖယ်ရှားခံရသည့် အဆိုပါ ၁၂ ရွာမှ ဒေသခံပြည်သူများကို အာဏာသိမ်း စစ်ကောင်စီက စစ်တွေမြို့ထဲသို့ အတင်းအဓမ္မ ခိုလှုံခိုင်းခဲ့ပြီး မသင်္ကာသူများအား ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်။

နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ပလ္လင်ပြင်မှာ ရွာထဲမှာ တပ်စွဲထားတယ်။ အောင်ဒိုင်မှာဆိုရင် ငါးမွေးမြူရေးရုံးမှာ တပ်စွဲထားတယ်။ ကျက်တောပြင်မှာဆိုရင် ရွာထိပ်က ကားလမ်းမှာတပ်စွဲထားတယ်။ ရေချမ်းပြင်မှာဆိုရင် ရဲစခန်းဟောင်းနဲ့ ဖောင်တော်နားမှာ တပ်စွဲထားတယ်။ အုန်ရေပြင်မှာဆိုရင် ရွာထဲက အဆောက်အဦးအမြင့်တွေနဲ့ ချောင်းကမ်းနားမှာ နေရာယူထားကြတယ်။” ဟု ဆိုသည်။

ကုန်ခဲ့သည့် ဩဂုတ်လ တတိယအပတ်က စစ်တွေမြို့နယ် မင်းလှကျေးရွာအနီးမှာ စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲကြီးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများပြားကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် AA က ပြောဆိုထားကြသည်။

စစ်တွေမြို့ထဲသို့ AA တပ်ဖွဲ့ဝင်များ အလွယ်တကူဝင်ရောက် တိုက်ခိုက်မှု မပြုလုပ်နိုင်ရန် အာဏာသိမ်း စစ်ကောင်စီသည် မြို့အဝင်တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ သံဆူးကြိုးဖြင့် ခြံစည်းရိုးကာရံခြင်း၊ မြို့ပတ်ပတ်လည် မိုင်းများထောင်ထားခြင်းနှင့် မြို့အနီးကပ်လျှပ်ကျေးရွာများတွင် ခံစစ်အဆင့်ဆင့် တပ်စွဲထားကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်အတွင်း တောင်ကုတ်၊ သံတွဲ၊ ဂွ၊ အမ်းနှင့် မောင်တောမြို့နယ်တို့တွင် စစ်ကောင်စီ၏ နောက်ဆုံးကျန်ရှိနေသေးသော တပ်ရင်းတပ်ဖွဲ့များနှင့် AA တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်စစ်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့ပြီး အာရက္ခတပ်တော် AA သည် ရခိုင်ပြည်မှာ စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်မည်ဟု ပြောပြီးနောက် ပလက်ဝ အပါအဝင် မြို့ ၁၀ ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့များမှာ ပလက်ဝ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တောနှင့် ရမ်းဗြဲမြို့တို့ဖြစ်သည်။

ဆက််စပ်သတင်းများ