Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် စစ်တွေမြို့တွင် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက်က စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း မြို့ခံများက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုမှာ မွန်းလွဲပိုင်း ၁၀ နာရီ ၄၀ ခန့်ကစ၍ ပစ်ခတ်နေပြီး နေ့လယ် ၁ နာရီခန့်အချိန်တွင် ရပ်တန့်သွားကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“စစ်တွေမြို့ပတ်လည်မှာရှိနေတဲ့ ရေတပ်၊ တပ်ရင်းတွေ၊ ရဲစခန်းတွေ၊ ပွိုင့် စတဲ့ နေရာပတ်ပတ်လည်ကနေ ပစ်တာပါ။ အမြောက်၊ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ကြတယ်။ ပစ်တာက တော်တော်ကို ကြောက်စရာကောင်းတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများမှာ စုစုပေါင်း အလုံးရေ ၂၀ ကျော်ဖြစ်ပြီး ပေါက်တောမြို့နယ်ဘက်သို့ ကျရောက်မှုရှိခဲ့ကြောင်း ပေါက်တော ဒေသခံတစ်ဦးက ဆိုသည်။

“ပစ်တာက အရေအတွက် ၂၀ ကျော်လောက်တော့ ကြားရတယ်။ ပေါက်တောဘက်ကို ကျတယ်။ ပေါက်တော မြို့အနီးပတ်ဝန်းကျင်၊ တောင်းဖူး၊ တောင်ဦးမော် ရွာနားဝန်းကျင်တွေမှာကျတယ်။ လူထိခိုက်တာတော့ မသိရသေးဘူး။ ” ဟု ပြောသည်။

စစ်တွေက စစ်ကောင်စီတပ်ရင်းများမှာ ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီးများ မကြာခဏလှမ်းပစ်ခတ်ပြီး ထိုပစ်ခတ်မှုကြောင့် ပေါက်တောဒေသခံများမှာ ထိခိုက်သေဆုံးခြင်း၊ နေအိမ်အဆောက်အအုံများပျက်စီးမှုရှိကြောင်း သိရသည်။

လက်ရှိ လက်နက်ကြီးများအပြင်းထန်ပစ်ခတ်မှုပြုလုပ်နေသည့် စစ်တွေမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းခန့်ကလည်း ဝါဘိုကျေးရွာဘက်တွင် နှစ်ဖက်ပစ်ခတ်မှုများရှိခဲ့ကြောင်းနှင့် အဆိုပါရက်ပိုင်းခန့်ကပင် မင်းလှကျေးရွာဘက်တွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ဆက််စပ်သတင်းများ