Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်စခန်းအား AA က သိမ်းပိုက်ထားစဉ်။ (ဓါတ်ပုံ - AA)

သံတွဲမြို့နယ် မောင်ရွှေလေးရွာနှင့် ကွင်းဝိုင်းကျေးရွာကြားရှိ မောင်ရွှေလေး ရေတပ်အမည်ရှိသော စစ်ကောင်စီ ရေတပ်စခန်းအား အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ယနေ့ စက်တင်ဘာလ ၆ ရက် ညတွင် AA က ထုတ်ပြန်သည်။

မောင်ရွှေလေးရေတပ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ကာ တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စက်တင်ဘာလ ၅ ရက် ညနေ ၆ နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ဆိုသည်။

မောင်ရွှေလေးရေတပ်သည် သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းလည်းဖြစ်သည်။

CNDSD စခန်းနှင့် ယင်းပတ်ဝန်းကျင်၌ အဆင့်ဆင့်ခုခံကြသော စစ်ကောင်စီ စစ်ကြောင်းများကို AA က တိုက်ခိုက်သိမ်းလိုက်ခြင်းဖြစ်သည်။

သံတွဲမြို့နှင့် ငပလီမြို့ကို သိမ်းပိုက်ပြီး နောက်ဆုံး လက်ကျန်စခန်းဖြစ်သော မောင်ရွှေလေးရေတပ်အား AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) က CNDSD မောင်ရွှေလေးရေတပ်စခန်း မကျဆုံးစေရေးအတွက် မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ယင်းပတ်ဝန်းကျင်များ၌ အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သည်ဟု AA က ဆိုသည်။

မောင်ရွှေလေးရေတပ်စခန်းနှင့် ပတ်ဝန်းကျင်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကျော်ဖြင့် ခုခံခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြားသောနေရာများမှ စစ်ကူအမြောက်အမြားတို့ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်းနှင့် ရေတပ်စခန်းမကျစေရေးအတွက် ပင်လယ်ပြင်နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

မောင်ရွှေရေတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄၀၀) ကျော်အား ရှင်းလင်းနိုင်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့၏ ဒဏ်ရာရ၊ ကျဆုံးသော သူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေနှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားကြောင်း သိရသည်။

ဆက််စပ်သတင်းများ