Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော ဒေသမှာ အာရက္ခတပ်တော် AA ကို အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဟု မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RSO နိုင်ငံရေးဌာနက ပြောသည်။

RSO နိုင်ငံရေးဌာနအကြီးအကဲ ဦးကိုကိုလင်း အမည်ရှိသူနှင့် ရိုက်တာသတင်းဌာနတို့ သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက စက်တင်ဘာလ ၆ ရက်တွင် ဖော်ပြခဲ့သည်။

RSO မှာ အင်အား ၆,၀၀၀ ခန့်ရှိသည့်အနက်မှ အင်အား ၁,၀၀၀ ခန့်ဖြင့် AA ကို တိုက်ခိုက်ခဲ့သော်လည်း ပြန်လည် ဆုတ်ပေးလိုက်ရသည်ဟု RSO နိုင်ငံရေးအကြီးအကဲ ဦးကိုကိုလင်းက ဆိုသည်။

“ဒီနှစ်အစောပိုင်းမှာ မောင်တောဒေသကို ကာကွယ်ဖို့ တိုက်ခိုက်သမား ၁,၀၀၀ လောက်ကို စေလွှတ်ခဲ့တယ်။ ဒါပေမယ့် မောင်တောမြို့နယ်မှာ ၃ လလောက် စစ်ဆင်ရေးအပြီးမှာ အရပ်သားတွေကို အသေအပျောက်များစေတဲ့ တိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လ အစောပိုင်းမှာ တိုက်ခိုက်ရေးသမားတွေကို ပြန်လည်ရုပ်သိမ်းခဲ့တယ်။” ဟု ပြောသည်။

အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် မြန်မာစစ်တပ် (စစ်ကောင်စီတပ်) နှင့် RSO တို့ အချင်းချင်းမတိုက်ခိုက်ကြရန် နားလည်မှု ယူထားခဲ့ကြောင်း RSO နိုင်ငံရေးဌာနမှ အကြီးအကဲ ဦးကိုကိုလင်းက ဝန်ခံပြောဆိုထားသည်။

“စစ်အစိုးရက ကျနော်တို့ကို မတိုက်ခိုက်ဘူး။ ကျနော်တို့ကလည်း စစ်ကောင်စီကို မတိုက်ခိုက်ဘူး။ ဒါပေမယ့် AA ကို တိုက်ခိုက်ဖို့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတိုက်တာမျိုး မလုပ်ခဲ့ဘူး။ ကျနော်တို့တပ်ဖွဲ့ဝင်တွေမှာ ကိုယ့်ယူနီဖောင်းနဲ့၊ ကိုယ့်အမှတ်တံဆိပ်နဲ့၊ ကိုယ်ပိုင်သေနတ်တွေကို အသုံးပြုနေတာပါ။” ဟု ပြောသည်။

အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) နှင့် RSO တို့ မည်သည့်အချိန်ကတည်းက ညှိနှိုင်းမှု၊ နားလည်မှု ယူခဲ့ကြသည်ကို RSO နိုင်ငံရေးအကြီးအကဲ ဦးကိုကိုလင်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

မောင်တောမြို့အပါအဝင် ရခိုင်ပြည်က စစ်မြေပြင် အခြေအနေနှင့်ပတ်သက်ပြီး ဦးကိုကိုလင်း၏ ပြေဆိုချက်များအပေါ်မှာ ရိုက်တာသတင်းဌာနက သီးခြားအတည်မပြုနိုင်သေးကြောင်း ဖော်ပြခဲ့သည်။

မောင်တောဒေသတွင် တိုက်ခိုက်မှုများမရှိစေရန် မြန်မာစစ်တပ်အပါအဝင် အာရက္ခတပ်တော် AA တို့အား မဟာမိတ်ဖွဲ့ရန် RSO က ကမ်းလှမ်းခဲ့သည်ကို AA ငြင်းဆန်ခဲ့သည်ဟု ဦးကိုကိုလင်းက ဆိုသည်။

“သူတို့က ငါတို့နဲ့ စကားပြောဖို့ ရှောင်တယ်၊ အတူတူထိုင်တာကို ရှောင်တယ်။ သူတို့က ကျနော်တို့ကို လျစ်လျူရှုထားတယ်။” ဟု ပြောသည်။

အာရက္ခတပ်တော် AA က ရခိုင်ပြည်တွင် “ARAKAN ARMY – အာရက္ခတပ်တော်” တစ်ခုတည်းသာ တည်ရှိရမည်ဟု အစောပိုင်းကာလများတွင် သဘောထား ထုတ်ပြန်ထားပြီး လက်ရှိ ရခိုင်ပြည်အတွင်း ရှိနေသော စစ်အာဏာရှင် (စစ်ကောင်စီ/မြန်မာစစ်တပ်)နှင့် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများကို တိုက်ထုတ်နေခြင်းဖြစ်သည်။

ရခိုင်နှင့် ဘင်္ဂလာနယ်စပ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတို့ကို ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က အထူးစစ်ဆင်ရေးဆင်နွှဲကာ မွတ်ဆလင် တစ်သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အား နှင်ထုတ်ခဲ့ကြောင်းနှင့် ရာနှင့်ချီသော မွတ်ဆလင်များကိုလည်း အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု UN အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုထားကြသည်။

မွတ်ဆလင် လက်နက်ကိုင်အဖွဲ့အစည်းများက အကြမ်းဖက်သည်ဟု ခေါင်းစဉ်ဖြင့် မြန်မာစစ်တပ်က စစ်ဆင်ရေးဆင်နွှဲကာ နှင်ထုတ်ခဲ့ပြီးနောက် မွတ်ဆလင် လက်နက်ကိုင်များဖြစ်သည့် RSO, ARSA တို့ကို အကြမ်းဖက်အဖွဲ့ဟု ကြေညာခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်တွင် မွတ်ဆလင်လက်ကိုင်များဖြစ်သော RSO, ARSA နှင့် ARA တို့သည့် မိမိကို အကြမ်းဖက်အဖွဲ့ဟု ကြေညာ ရှင်းလင်းခဲ့သော မြန်မာစစ်တပ် (စစ်ကောင်စီ) နှင့် ပူးပေါင်းကာ ယခု အာရက္ခတပ်တော် AA ကို တိုက်ခိုက်နေသည်။

အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် (တပ်မှူးချုပ်) ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မွတ်ဆလင်များအနေဖြင့် ရခိုင်ပြည်အတွင်း နေထိုင်လိုလျှင် နေထိုင်၍ရပြီး လက်နက်ကိုင်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခြင်းနှင့် စစ်ကောင်စီနှင့်အတူပူးပေါင်းတိုက်ခိုက်ခြင်းများကို လက်ခံမည်မဟုတ်ဘဲ ပြန်လည်တိုက်ခိုက်သွားမည်ဟု ဧရာဝတီနှင့်အင်တာဗျူးတွင် ပြတ်ပြတ်သားသား ပြောဆိုထားသည်။

မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ RSO သည် ဘူးသီးတောင်၊ မောင်တော ဒေသကို မွတ်ဆလင်များအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တည်ထောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော်လည်း ပျက်ပြယ်လုပ်နီးပါး ဖြစ်နေပြီဟု လေ့လာသူများက ယူဆနေကြသည်။

သို့သော်လည်း အင်အား ၁,၀၀၀ ကျော်ရှိသော ဝန်းကျင်မှ ၂၀၂၂ ခုနှစ်မှစတင်ကာ တပ်ဖွဲ့ဝင် ၅,၀၀၀ နှင့် ၆,၀၀၀ ကြားအထိ တိုးချဲ့ဖွဲ့စည်းပြီး တပ်ဖွဲ့ဝင်များအားလုံး လက်နက်ကိုင်ဆောင်ခြင်းမရှိသေးကြောင်း RSO နိုင်ငံရေးအကြီးအကဲ ဦးကိုကိုလင်းက ဆိုသည်။

RSO, ARSA နှင့် ARA တို့သည် ၎င်းတို့တပ်အင်အားအတွက် ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများနှင့် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်လူငယ်များကို စည်းရုံးခဲ့ကြသည်။

မွတ်ဆလင်များသည် အာရက္ခတပ်တော် AA ကို နှစ်သက်မှုမရှိသော်လည်း RSO ၏ စစ်သားစုဆောင်းရေးလှုပ်ရှားများကိုလည်း ဒုက္ခသည်စခန်းများတွင် နှစ်သက်မှုမရှိကြကြောင်း International Crisis Group ၏ သြဂုတ်လ အစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

Ref: ရိုက်တာ

ဆက််စပ်သတင်းများ