ရခိုင်ပြည်အတွင်း သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများတွင် ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုစီးပွား လည်ပတ်မှုမှာ ခက်ခဲနေကြဆဲဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။
သိမ်းပိုက်ထိန်းချုပ်ကာလ ၆ လခန့်ကြာလာသည့် ရခိုင်ပြည်ထဲက မြို့များမှာ ကုန်စည်ဈေးများ အဆမတန်မြင့်မားနေခြင်း၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရခြင်း၊ ဌာနဆိုင်ရာရုံးများနှင့် ဆေးရုံဆေးခန်းများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေး၍ ဒေသခံပြည်သူများမှာ တစ်ရက်တာ ရှင်သန်လည်ပတ်ခြင်းကို ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်း သိရသည်။
ထိန်းချုပ်မြို့များမှာ ကုန်စည်ဈေးများသည် တိုက်ပွဲကာလထက် ပိုမြင့်တက်နေခြင်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ မရှိခြင်းကြောင့်ဖြစ်သည်ဟု ကျောက်တော်မြို့ခံ စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။
“တိုက်ပွဲဒဏ်တွေကို အခုမှ ပိုခံစားမိသလိုဖြစ်နေတယ်။ တိုက်ပွဲဖြစ်တုန်းက ဒီလောက်ထိမခက်ခဲခဲ့ဘူး။ ကုန်စျေးတက်ရင်လည်း တိုက်ပွဲပြီးရင် ပြန်ကျသွားမှာပဲဆိုပြီး တွေးခဲ့ကြတယ်။ ဒါပေမယ့် စျေးကပြန်မကျတဲ့အပြင် ပိုတောင်မြင့်လာသေးတယ်။ ဒါက ကုန်စည်သယ်ယူတဲ့လမ်းကြောင်းတွေဟာ တိုက်ပွဲတုန်းကလိုပဲ ခိုးပြီးယူရတဲ့ လမ်းကြောင်းတွေ ဖြစ်နေသေးလို့ပဲလေ။ အခု ကုန်စျေးတွေမြင့်နေတဲ့ အခြေနေက အသက်ရှုလို့ မဝသလိုတောင် ခံစားရတယ်” ဟုပြောသည်။
ထိန်းချုပ်မြို့နယ်များမှ စားသောက်ကုန်စျေးနှုန်းအချို့မှာ ငရုတ်ကောင်းစေ့ ၁ ဗူးကို ၈,၀၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿာကို ၂၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာကို ၃၆,၀၀၀ ကျပ်၊ ဟင်းချိုမှုန့် ၁ ဗူး ၅,၀၀၀ ကျပ်၊ ငရုတ်သီးခြောက် ၁ ပိဿကို ၆၀,၀၀၀ ကျပ်စသည်ဖြင့်အသီးသီးရှိနေပြီး လူသုံးကုန်ပစ္စည်းများဆိုလျှင် ယခင်စျေးနှုန်းထက် ၅ ဆမှ ၁၀ ဆကျော်အထိ မြင့်တက်လျှက်ရှိနေသည်။
ကုန်စျေးအပြင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများမှာလည်း ပုံမှန်မရရှိနိုင်သးဘဲ ပြတ်တောက်နေဆဲဖြစ်ပြီး လူမှုစီးပွားရေးနှင့် သတင်းအချက်လက်ရယူရေးပိုင်းတွင် ဒေသခံပြည်သူများ ခက်ခဲနေကြသည်။
ယင်းအပြင် ဆေးဝါးပြတ်လပ်မှုနှင့် ဆေးရုံဆေးခန်းများ ပုံမှန်မလည်ပတ်နိုင်သေးခြင်းမှာလည်း အဓိကကျသည့် အကျပ်တည်းတစ်ခုဖြစ်နေဆဲဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
“အကျပ်အတည်းတွေထဲမှာ ဆေးဝါးအကျပ်အတည်းကြောင့် ပိုပြီး ဒုက္ခရောက်နေကြရတယ်။ လိုအပ်တဲ့ ဆေးဝါးတွေက ရှာမရ၊ ရတဲ့ဆေးတွေကလည်း စျေးကြီး။ ရောဂါဖြစ်လာရင် စနစ်တကျကုသပေးမယ့် ဆေးခန်းက ရှာမရနဲ့။ ဒီလိုဖြစ်နေတာ ၁ လလည်းမဟုတ်၊ ၂ လလည်းမဟုတ်တော့ လူတွေက ခံနိုင်ရည်တော်တော်လျော့လာကြပြီ။ သေတဲ့သူတွေလည်း သေကုန်ကြပြီ။ ကျန်တဲ့သူတွေပဲ သေဖို့ရှိတော့တယ်” ဟု ပြောသည်။
Western News ၏ မှတ်တမ်းများအရ ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသူ မြောက်ဦးက အမျိုးသမီးတစ်ဦး၊ ကျောက်ဖြူက အမျိုးသမီးတစ်ဦး၊ မောင်တောမြို့က ကလေး ၅ ဦးနှင့် ရမ်းဗြဲက အမျိုးသားတစ်ဦး စုစုပေါင်း ၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်အတွင်း လူမှုစီးပွား လည်ပတ်မှုခက်ခဲခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းကြောင့် လူငယ်အမျိုးသားအမျိုးသမီး အများစုမှာ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားကြသော်လည်း ရရာနည်းလမ်းမှ ခိုးထွက်၍ ထိုင်းနှင့် မလေးနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်နေကြကြောင်း စုံစမ်းသိရသည်။
“လွတ်မြောက်နယ်မြေက အသက် ၃၀ အောက် လူငယ်တွေ အမျိုးသားရော၊ အမျိုးသမီးတွေရော လမ်းပိတ်ထားပေမယ့် ခိုးလမ်းတွေကနေ နိုင်ငံခြားကို အလုပ်သွားလုပ်ကြတာရှိတယ်။ ထပ်ပြီးတော့လည်း သွားကြဖို့ အများကြီးပြင်ဆင်နေကြတာတွေ့ရတယ်။ ရခိုင်မှာ နေရတာ အလုပ်လည်းမရှိ၊ မိသားစုကလည်း ကျပ်တည်းလာတော့ အသက်ရှင်ရပ်တည်ဖို့ စားဝတ်နေရေးက အရေးကြီးတယ်လေနော်။” ဟု ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံဒေသခံများက ပြောဆိုကြသည်။
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်များမှာလည်း ဒေသခံပြည်သူအများစုမှာ ရန်ကုန်၊ မန္တလေးနှင့် နိုင်ငံခြားသို့ သွားရောက်ကြပြီး စစ်ရှောင်ရင်း အလုပ်လုပ်နိုင်ရန် ရခိုင်က ထွက်ခွာမှု အများအပြားရှိနေကြသည်။
ရခိုင်ပြည်ထဲက လွတ်မြောက်နယ်မြေထဲက ပြည်သူများဖြစ်ဖြစ်၊ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ နယ်မြေထဲက ပြည်သူများဖြစ်ဖြစ် ဒေသခံပြည်သူများမှာ တစ်နေ့တာစားဝတ်နေရေးကို ခက်ခဲစွာ ရုန်းကန်နေရပြီး စစ်ရှောင်အများစုမှာ အငတ်ဘေးဖြင့် ရင်ဆိုင်နေရသည်ဟု ပုဏ္ဏားကျွန်းဒေသခံပြည်သူများက ပြောဆိုကြသည်။