Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီလေတပ်က ဖျက်ဆီးခဲ့သော သံတွဲမြို့နယ် ပေါက်တူးကျေးရွာကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရခြင်းနှင့် အဆိုပါရွာအတွင်း မပေါက်ကွဲသေးသည့် ဗုံးအား တွေ့ရှိရစဉ်။ (ဓါတ်ပုံ - Western News/CJ)

(သေဆုံးသူများရှိပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်း တွေ့ရှိ)

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် လေကြောင်းက တိုက်လေယာဉ်ဖြင့် သံတွဲမြို့နယ်ကို ဗုံး ၂၆ လုံးကို နှစ်ကြိမ် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ ကြဲချခဲ့သော ဗုံး ၂၆ လုံးမှာ ကျောက်ကြီးချောင်းဖျားပိုင်းရှိ အရပ်သားများနေထိုင်ရာ ကျောက်ကြီး၊ ဆိုးပုံ၊ ပေါက်တူး၊ မြို့ကွင်း စသည်ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ရာ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။

သတင်းရင်းမြစ်တစ်ဦးက ” ပေါက်တူးရွာက အသက် ၃၂ နှစ်အရွယ် ကိုအောင်ဆန်းဦးနဲ့ အသက် ၉၃ နှစ်အရွယ် ဒေါ်သိန်းကြွယ်တို့ သေဆုံးသွားပါတယ်။ နောက်ထပ် အဲဒီရွာကပဲ ၉ ဦးဒဏ်ရာပြင်းထန်ရပါတယ်။ နွားသုံးကောင်သေပါတယ်။ ဒီရွာက စစ်ရေးစစ်ရာနဲ့ ဘာမှ မပတ်သက်တဲ့ ရွာတွေပါ။ ” ဟု ပြောသည်။

ထိခိုက်သေဆုံးမှုရှိသည့် ပေါက်တူးကျေးရွာတွင် အိမ်ခြေ ၁၅၀ ကျော် လူဦးရေ ၆၀၀ ခန့်ရှိပြီး ရခိုင်လူမျိုးများနှင့် အရှိုချင်းလူမျိုးနေထိုင်ကြသော ကျေးရွာတစ်ရွာဖြစ်သည်။

ဗုံး ၂၆ လုံးထဲက အများစုမှာ ပေါက်တူးကျေးရွာသို့ ကျရောက်ပေါက်ကွဲခြင်းကြောင့် ထိခိုက်သေဆုံးရခြင်းနှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုလည်း တွေ့ရှိထားကြောင်း ရွာနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

” ဗုံးအများစုက ချောင်းဖျားပိုင်းကို ကြဲတယ်ဆိုပေမယ့် ပေါက်တူးရွာကို အများဆုံးကြဲချတာ။ ကျနော်တို့ရွာတွေက အရပ်သားတွေနေတဲ့ ရွာတွေပါ။ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး တွေ့ရှိထားပါတယ်။ ဘာကြောင်းလာကြဲတာလဲ စစ်ရေးစစ်ရာနဲ့ပတ်သက်ပြီတော့ ဘာမှမရှိဘူး။ တမင်သက်သက် အရပ်ဖက်ပြည်သူတွေကို တမင်လုပ်တာ။ ” ဟု ပြောသည်။

လူနေအိမ်လည်း ၁၀ အိမ်ထက်မနည်း ပျက်စီးသွားပြီး လက်ရှိတွင် ပေါက်တူးရွာသားများ ရွာကိုစွန့်ခွာကာ ဘေးကင်းရာနေရာများသို့ တိမ်းရှောင်သွားကြပြီဟု စုံစမ်းသိရသည်။

သံတွဲမြို့နယ်သည် အာရက္ခတပ်တော် AA ၏ ထိန်းချုပ်သိမ်းပိုက် မြို့နယ်တစ်ခုဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း စစ်ရှုံးနေ၍ အရပ်သားပြည်သူများနှင့် မြို့/ရွာများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် မြို့ ၁၁ မြို့ကို အလုံးစုံသိမ်းပိုက်ထားပြီး ယခု ဂွမြို့နှင့် မောင်တောမြို့တို့တွင် စစ်ကောင်စီအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဆက််စပ်သတင်းများ