ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းဖို့ ဒေသခံအဖွဲ့အစည်းများ သဘောတူညီမှု ရရှိခဲ့ကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organization – ZORO) သတင်းထုတ်ပြန်သည်။
ဇိုပြန်လည်ပေါင်းစည်းရေး အဖွဲ့အစည်း ZORO၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၂၁ ရက်နေ့က ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNFနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းတွေ့ဆုံဆွေးနွေးမှုများတွင် အချက် ၅ ချက်ကို ကနေဦး သဘောတူခဲ့ကြပြီး ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ် အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံကြခဲ့သည်။
ထို့အပြင် တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့် အချိန်တွင် ချင်းညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြသည်။
နောက်နောင်တွင် ချင်းလက်နက်ကိုင်အဖွဲ့ နှစ်ဖက်အဖွဲ့အစည်းများ အကြားသဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့် ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် အဆိုပါတွေ့ဆုံဆွေးပွဲတွင် နှစ်ဖက် သဘောတူကြသည်။


အလားတူ ငြိမ်းချမ်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းရန် လည်းနှစ်ဖက်စလုံးကသဘောတူထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှတာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီး ယာပွန်သဲ၊ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ပူးထန်းနိန်းကီးတို့ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊ ဆလိုင်းပီတာထန်းတို့ ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကစ၍ ချင်းပြည်နယ်မှာ ဒေသခံ အဖွဲ့အစည်းအချင်းချင်း သဘောထားကွဲလွဲမှုများသည် ပေါ်ပေါ်ထင်ထင်ဖြစ်ပွားခဲ့ပြီး ဒီနှစ် ၂၀၂၄ ခုနှစ်ထဲမှာ လက်နက်ကိုင်ဖြေရှင်းကြသည် အထိ တင်းမာခဲ့သည်။
ယခုထွက်ရှိလာသည့် “လက်နက်ဖြင့် မဖြေရှင်းရေး” သဘောတူညီချက်ကို ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးများက ဝမ်းသာကြိုဆိုကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားသည်ကို တွေ့မြင်ရသည်။
1 Comment
Zaproxy dolore alias impedit expedita quisquam.
Comments are closed.