Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည် တောင်ကုတ်၊ မြေပုံနှင့် သံတွဲမြို့နယ်တွင် ၃ ရက်အတွင်း ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး ၃၆ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က သံတွဲမြို့ပေါ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံးကာ ၂၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြခြင်းဖြစ်သည်။

သံတွဲဒေသခံတစ်ဦးက “မြို့တော်ခန်းမနဲ့ ဌာနဆိုင်ရာရုံးတွေကို ဗုံးကြဲခဲ့တာ။ ကလေးတွေ၊ အမျိုးသမီးတွေ အစုလိုက် အပြုံလိုက်သေကြတယ်။ တော်တော် စာနာတရားကင်းမဲ့တာပဲ။ မြို့ထဲမှာ အရပ်သားတွေ နေကြတာလေ။ စစ်တပ်က အရမ်းရက်စက်တာပဲ။ ” ဟု ပြောသည်။

ထို့အပြင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကိုလည်း စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများထဲမှာ အချို့စိုးရိမ်ရသည်။

ကမ်းထောင်းကြီးမြို့တွင် ဒေသခံပြည်သူများ ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်နေသည့်အချိန် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီက တောင်ကုတ်မြို့နယ် ရွာမကျေးရွာကို ဗုံး ၄ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦး သေဆုံးကာ ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည်။

တောင်ကုတ်ဒေသတစ်ဦးက “အရပ်သားပြည်သူတွေနေတဲ့ ရွာတွေ၊ မြို့တွေကို ဗုံးမကြဲဖို့၊ လက်နက်ကြီးနဲ့ မပစ်ခတ်ဖို့ စစ်ကောင်စီကို ကျမ ပြည်သူတစ်ယောက်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘဲ ဒီလိုသာ လှည့်ပတ်ပြီး ဗုံးကြဲနေမယ်ဆိုရင် ကျမတို့ ပြည်သူတွေ အားလုံးသေကြမှာပါ။ ကျမတို့မှာ ကလေးတွေ၊ သမားသမီးတွေရှိပါတယ်။ ဥမကွဲသိုက်မပျက် နေထိုင်ချင်ပါတယ်။ အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်ထဲမှာ မထည့်ဖို့ ပြောချင်ပါတယ်။ ” ဟု ပြောသည်။

အရပ်သားပြည်သူများကို ဦးတည်ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။

“အရပ်သားတွေက နေစဉ်နဲ့အမျှ စစ်ကောင်စီကြောင့် သေဆုံးမှုတွေ မြင့်တက်လာနေတယ်။ အရပ်သားတွေ အထူးဖြင့် ကလေးနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား သတ်ဖြတ်လာနေတယ်။ ဒီလုပ်ရပ်က အတော်လေးကို ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တယ်။ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလုပ်ရပ်အပေါ်မှာ လုံးဝကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ နိုင်ငံတကာကလည်း ဒီလို လုပ်ရပ်အပေါ်မှာ ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ AA ဖက်ကလည်း ဒါကို ဘယ်လိုနည်းနဲ့ ဆောင်ရွက်လို့ ရမလဲဆိုတာကို ရွေးချယ်ဖို့ လိုလာပါပြီ။” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်ပွဲကို ဆင်နွှဲသည့်အခါ အရှုံးကို လက်ခံပြီး စစ်ကိုစစ်နှင့်တူအောင် တိုက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

အမေရိကန်၊ အီးယူသမဂ္ဂအပါအဝင် UN နှင့် အာဆီယံနိုင်ငံများက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် မြန်မာပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံကို ပြန်လည်တည်ဆောက်ကြရန် တောင်းဆိုထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ