Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအား စစ်တွေမှ စစ်ကူလာသော စစ်ကောင်စီ၏ သံချပ်ကာ ကား နှစ်စီးကို စစ်တွေမြို့အထွက် အမြင့်ကျွန်းတံတား (မင်းချောင်းတံတား) ထိပ်တွင် AA က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကြားဖြတ် ဟန့်တားတိုက်ခိုက်ခဲ့သည်။

ရခိုင်ပြည် အမ်းမြို့နယ် ကျောက်စကွဲကျေးရွာ အနောက်ဘက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ကျောက်စကွဲကျေးရွာ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာမှာ စကခ ၅ လက်အောက်ခံ ခမရ ၃၄၆၊ ခမရ ၃၇၃ နှင့် ခမရ ၃၇၂ တို့က အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားကြောင်း AA က ထုတ်ပြန်ထားသည်။

နံနက် ၁၁ နာရီ ၅၀ မိနစ်ကစတင်ပြီး ၂ နာရီကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅ လောင်း၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိသည်ဟု AA က ဆိုသည်။

ယင်းအပြင် စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း နံနက် ၁၀ နာရီခန့်တွင် အဆိုပါ ကျောက်စကွဲရွာ အနောက်ဘက် မီတာ ၄၀၀ အကွာမှာ စစ်ကောင်စီနှင့် AA ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

စစ်ကောင်စီဘက်မှ ထိခိုက်မှုများ၍ စစ်ကြောင်း နောက်ပြန်ဆုတ်သွားပြီး လက်နက်ခဲယမ်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး ဂွမြို့နယ် ကျောက်ပါးစပ်ကျေးရွာအနီး အရှေ့တောင်ဘက် မီတာ ၁၀၀၀ အကွာ ကျိန္တလီကားလမ်းမအနီး တောင်ကုန်တွင်လည်း စက်တင်ဘာလ ၂၄ ရက်က ၁ နာရီကျော်ကြာ စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

မောင်တောမြို့တွင်လည်း တစ်ခုတည်းကျန်ရှိနေသေးသော မြို့စောင့်တပ် နခခ ၅ တပ်စခန်းကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းနှင့် ကစဉ့်ကလျား ထွက်ပြေးနေသော မွတ်ဆလင်လက်နက်ကိုင်များ၊ စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရှင်းလင်းနေသည်ဟု AA က ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ