Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က ရခိုင်ပြည် သံတွဲမြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ၅ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူများ ၁၄ ဦးသေဆုံးခဲ့သလို ၂၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ (ဓါတ်ပုံ - Western News)

(စစ်ကောင်စီနှင့် လက်ပါးစေ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၇၁၂ ဦး သေဆုံးမှုရှိလာ)

NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကြောင့် ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ရဟန်း သံဃာ အပါအဝင် ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားသည်။

၆၇၀၀ ကျော်ထဲတွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦးနှင့် ရဟန်း သံဃာ ၈၄ ပါး ပါဝင်ခဲ့ကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အဦ မီးရှို့ဖျက်ဆီးခံရမှု ၁၃၀၀ ကျော်ရှိခဲ့ကြောင်း ဆိုသည်။

PDF များ၏ လုပ်ရပ်မှာ နိုင်ငံတော်ငြိမ်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ ထိခိုက်ပျက်စီးစေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်ဖက်သက် ပြစ်တင်ပြောဆိုထားသည်။

PDF များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုစွန့်ပြီး ပါတီနှင့် ရွေးကောက်ပွဲလမ်းကြောင်းအား ရွေးချယ်ကြရန်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်းခဲ့ပြီး လာမည့် အောက်တိုဘာလတွင် စစ်ကောင်စီက ဟန်ပြ ရွေးကောက်ပွဲအား ပြုလုပ်ရန်စီစဉ်နေသည်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် လက်ပါးစေများကြောင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၄ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် အပြစ်မဲ့ပြည်သူ ၅၇၁၂ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများအဖွဲ့ AAPP က ထုတ်ပြန်ထားသည်။

ထို့ပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၄၆၃ ဦးရှိပြီး ယင်းအထဲမှ ၂၀၉၆၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉၄၆၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ