Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က မကွေးမြို့အနီးတွင် ပြုလုပ်သည့် ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်‌‌ရေးလေ့ကျင့်မှုအတွင်း ဂျက်တိုက်လေယာဉ်နှစ်စင်းက ဒုံးကျည်များ ပစ်ခတ်စဉ်။ ဓါတ်ပုံ AFP

ရခိုင်တွင် စစ်ပွဲတိုင်းအရှုံးနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ်နှင့် ခံစစ်များကို မလုပ်ဆောင်နိုင်တော့ဘဲ လေကြောင်းမှ ပေါင် ၅၀၀ ရှိသည့် ဗုံးသီးများဖြင့် ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဗုံးကြဲနေသည်။

စစ်ကောင်စီတပ်သည် ခံစစ်နှင့် ထိုးစစ်မှာ ရခိုင်တွင် အရှုံးနိမ့်သွားပြီး လေကြောင်းကသာ တိုက်ခိုက်မှုများ ပိုလုပ်နေလာကြောင်း မြို့အချို့မှာလည်း ခံစစ်အတွက် ပြင်းပြင်းထန်ထန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ရခိုင်က စစ်ရေး စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီက ခံစစ်နဲ့ ထိုးစစ်က လုံးဝ ရှုံးသွားပြီ၊ ရာခိုင်နှုန်းပြည့် ရှုံးသွားပြီးလို့ ပြောလို့ ရပါတယ်။ လက်ရှိထိန်းချုပ်ထားတဲ့ နေရာကလည်း သိပ်မရှိတော့ဘူးလေ၊ စစ်ကောင်စီတပ်က အရမ်းအရေးပါတဲ့ နေရာတွေကို AA ဖက်က ပတ်ပတ် ဝိုင်းထားတွေ ရှိလာတော့ စစ်တပ်ဖက်က တော်တော်လေးကို ပြင်ဆင်တာတွေ လုပ်လာတာ တွေ့လာရပါတယ်။ ရန်သူလာနိုင်မယ့် မြို့ပတ်ပတ်လည်မှာ မိုင်းထောင်ထားတာတွေ၊ ခြံစည်းရိုးကာရံတာတွေ၊ အခုတစ်လျောက် လုပ်နေတာတွေ့ရပါတယ်။ အဲ့ဒီထဲမှာ ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်တွေမှာ ခံစစ်ကို အတော်ကို လုပ်လာနေတယ်”ဟုပြောသည်။

AA ၏ စက်တင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီ လက်ကျန်စခန်းများ အားလုံးကို တစ်ခုမကျန် သိမ်းပိုက်နိုင်ရေး အတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန် မြှင့်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

အာဏာသိမ်း စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်နှင့် မောင်တော နခခ ၅ သာ ရခိုင်မှာ ကျန်ရှိတော့ပြီး ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ် ၁၁ ခုကို AA က သိမ်းပိုက်ထိန်း ချုပ်ထားပြီး ဖြစ်သည်။

ယခုရက်ပိုင်းများတွင်လည်း မောင်တော၊ အမ်း၊ ဂွမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AAတို့ တိုက်ပွဲပြင်းထန်နေပြီး မောင်တောမြို့က နောက်ဆုံး လက်ကျန်စခန်းဖြစ်သော နယ်ခြားစောင့်တပ်ခွဲ နခခ (၅) ဌာနချုပ်ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ယင်းနောက်ပိုင်းတွင် ယနေ့ စက်တင်ဘာ နံနက်ပိုင်းမှာ မောင်တောမြို့နယ်ကို ဂျက်တိုက်‌ လေယာဉ် ၄စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှု အခြေအနေကို Western News က အသေးစိတ် သိရှိနိုင်ခြင်း မရှိသေးပေ။

အရပ်သားများနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲမှုအပါအဝင် AA နေထိုင်သည်ဟု ယူရသည့် နေရာများကို စစ်ကောင်စီက လာရောက် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည် စစ်ရေးကို စောင့်ကြည့်နေသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

AA၏ ထိုးစစ်ကို အလူးအလဲ ခံရသော စစ်ကောင်စီသည် စစ်ရေးနှင့် မသတ်ဆိုင်သည့် ဘာသာရေး အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ ဆေးရုံး၊ စစ်ဘေးရှောင်စခန်းများနှင့် IDPs စခန်း များကို လာရောက် ဗုံးကြဲမှုကြောင့် အရပ်သားနေ့စဉ် သေဆုံးနေရသည်။

တောင်ကုတ်မြို့မှ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးက “အခု စစ်ကောင်စီက ခံစစ်လည်း မလုပ်တော့ဘူး။ မနိုင်တော့ဘူးလို့ ယူဆတာပေါ့။ AA ဖက်က ထိုးစစ်လာရင် စစ်တပ်က ပြန်လည်ခုခံတာတွေတော့ လုပ်တယ်။ အထိုင်ချစခန်းတွေက လက်နက်ကြီးတွေကို တစ်လျှောက် သုံးလာတယ်။ အထူးသဖြင့် လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်လာတယ်။ အဲ့ဒီ အရပ်သားတွေနေတဲ့ နေရာတွေကို ပစ်မှတ်ထား လာတယ်ပေါ့။ ဘာသာရေး အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံးတွေ ပစ်မှတ်ထားပြီးတော့ ပစ်လာတယ်ပေါ့။ အထိနာတာက အရပ်သားတွေ အတော်ကို သေကြေ ပျက်စီးကြတာပါ “ဟုပြောသည်။

ယင်းကဲ့သို့ လေကြောင်း တိုက်ခိုက်မှုကြောင့် တောင်ကုတ်၊ မြေပုံနှင့် သံတွဲမြို့နယ်တွင် ၃ ရက်အတွင်း ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး ၃၆ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က သံတွဲမြို့ပေါ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးကာ ၂၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ၂၅ ရက်နေ့က မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများထဲမှာ အချို့စိုးရိမ်ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီက တောင်ကုတ်မြို့နယ် ရွာမကျေးရွာကို ဗုံး ၄ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦး သေဆုံးကာ ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည်။

အသက် ၂၈ နှစ်အရွယ် သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက “စစ်ရေးပစ်မှတ်မဟုတ်တာတွေ အငြိုးအတေးထားပြီးတော့ ပစ်ခတ်လာနေတယ်။ သံတွဲမြို့ပေါ်မှာ ဘာမှ တိုက်ပွဲ ဖြစ်တာမဟုတ်ဘဲ ဒီအတိုင်းမြို့ပေါ် လာပြီးတော့ ဗုံးလာကြဲတာ၊ ကလေးတွေ အမျိုးသမီးတွေ အတုံးအရုန်း သေနေတာကြတာ၊ ပြည်သူတွေ ဦးတည်ပြီး တိုက်ခိုက်လာတာဖြစ်တယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေ အခုအထိ အသက်လုနေရတုန်းပဲ”ဟုပြောသည်။

ယင်းတိုက်ခိုက်မှုများတွင် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု အများအပြား ရှိကြောင်း စစ်ကောင်စီ၏ လော်ဘီတယ်လီဂရမ်ချယ်နယ်များက ရေးသားကြသော်လည်း ယင်းဖြစ်စဉ်အပေါ် မှန်ကန်မှု မရှိကြောင်း AA က ငြင်းဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ