Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပျက်စီးသွားသော သံတွဲမြို့ပေါ်က အဆောက်အဦး။

ရခိုင်ပြည် ခရီးသွားဒေသ သံတွဲမြို့နယ်တွင် ဒေသခံပြည်သူများအပါအဝင် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့်အတူ လေကြောင်းအန္တရာယ်ကို အလွန်စိုးရိမ်နေရသည်ဟု ဒေသခံပြည်သူများနှင့် စစ်ရှောင်ကူညီထောက်ပံ့သူများက ပြောဆိုကြသည်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပျက်စီးသွားခြင်းနှင့် နေရပ်မပြန်နိုင်သေးသည့်အတွက် စစ်ရှောင်များနှင့် ဒေသခံပြည်သူများမှာ ငွေသားရှားပါးပြီး စားဝတ်နေရေး ခက်ခဲနေကြသည်ဟု စစ်ရှောင်ကူညီထောက်ပံ့သူ ဒေသခံတစ်ဦးက ပြောသည်။

” ပိုက်ဆံမရှိတော့ စားရေးသောက်ရေး အဆင်မပြေပေါ့။ အဓိကတော့ စားရေးသောက်ရေးအတွက် ငွေက အရေးကြီးတယ်လေ။ ကျနော်တို့ တာဝန်ယူ ထောက်ပံ့ပေးနေတာ စစ်ရှောင် ၇ ထောင်လောက်ရှိတယ်။ ဒီလိုပဲပေါ့ ရှိတဲ့သူကလည်း သူ့ဟာသူ ဝယ်စား၊ မရှိတဲ့သူကလည်း ကျနော်တို့ အလှူရှင်တွေ ထောက်ပံ့တာကို စားတယ်ပေါ့။ ပြည့်ပြည့်စုံစုံတော့ မထောက်ပံ့နိုင်ဘူးလေ။ ” ဟု ပြောသည်။

စားရေးသောက်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုကလည်း လိုအပ်နေပြီး ယခုကာလတွင် ဆေးရုံးဆေးခန်း မဖွင့်လှစ်နိုင်၍ ဒေသခံပြည်သူများမှာ ဆေးကုသမှု မခံယူရကြောင်းနှင့် အိမ်တွင်းဖြစ်ဆေးဖြင့် ဖြစ်သလို ကုသ နေထိုင်နေရကြောင်း ၎င်းက ဆိုသည်။

ငပလီမြို့ အပါအဝင် သံတွဲမြို့နယ်တွင် စစ်ရှောင်ပြည်သူ တစ်သောင်းကျော်ရှိပြီး အများစုက ငပလီကမ်းရိုးတန်းတစ်လျှောက်ရှိနေကာ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

စားနပ်ရိက္ခာနှင့်အတူ စိုးရိမ်နေရသည်မှာ လေကြောင်းအန္တရာယ်ဖြစ်ပြီး နေ့တိုင်းလိုလို သံတွဲဒေသကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များ စေလွှတ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က သံတွဲမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများနေထိုင်ရာ မြို့ပေါ်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သံတွဲမြို့ခံ ကိုတေဇာအောင်က ” စားသောက်ရေးနဲ့အတူ လေကြောင်းအန္တရာယ်ကို အရမ်းစိုးရိမ်နေရပါတယ်။ ၂၆ ရက်နေ့က ဗုံးကြဲလို့ အရပ်သားတွေ အများအပြား သေဆုံးခဲ့ရပါတယ်။ နောက်တစ်နေ့မှာလည်း သံတွဲမြို့နဲ့ ကပ်လျှပ်ရွာတွေကို ဗုံးကြဲခဲ့တယ်။ ထိခိုက်မှုတော့ မရှိခဲ့ဘူး။ နေ့တိုင်းလိုလို လေယာဉ်က ဝဲနေတော့ ဒေသခံပြည်သူတွေက စားဖို့သောက်ဖို့ ပူပင်မလား၊ လေကြောင်းအန္တရာယ်ကို ကြောက်ရမလား။ တော်တော်လေးကို စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်တိုင်း အရပ်သားတွေပဲ သေနေတယ်။ အရမ်းစိုးရိမ် ကြောက်နေရတာပေါ့။ ” ဟု ပြောသည်။

စက်တင်ဘာ ၂၄, ၂၅, ၂၆ သုံးရက်အတွင်း တောင်ကုတ်၊ မြေပုံနှင့် သံတွဲမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ၁၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၃၆ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

အာရက္ခတပ်တော် AA က စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် စစ်ကိုစစ်နှင့်တူအောင် တိုက်ရန် သတိပေးထားပြီး အရပ်သားများရှိ မြို့ရွာများနှင့် ဘာသာရေးအဆောက်အဦ အပါအဝင် စာသင်ကျောင်း၊ ဆေးရုံးဆေးခန်းများကို မတိုက်ခိုက်ရန် ပြောဆိုထားသည်။

အမေရိကန်၊ အီးယူသမဂ္ဂအပါအဝင် UN နှင့် အာဆီယံနိုင်ငံများက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် မြန်မာပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံကို ပြန်လည်တည်ဆောက်ကြရန် တောင်းဆိုထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ