လက်ဘနွန်ထဲက ဟစ်ဇ်ဘိုလာများကို သုတ်သင်ရှင်းလင်းရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြေပြင်ထိုးစစ် စတင်ရန် နယ်စပ်က စစ်တပ်ကို ခွင့်ပြုလိုက်ပြီဖြစ်သည်။
လက်ဘနွန်တောင်ပိုင်း ကျေးရွာများက ဟစ်ဇ်ဘိုလာတပ်ဖွဲ့များကို ရှင်းလင်းရန် မြေပြင်ထိုးစစ်စတင်လိုက်ပြီဟု အစ္စရေးတာဝန်ရှိသူများက ပြောကြောင်း Aljazeera သတင်းက ယနေ့ အောက်တိုဘာလ ၁ ရက်တွင် ဖော်ပြသည်။
အစ္စရေး စစ်တပ်သည် မြေပြင်ထိုးစစ်နှင့်အတူ လေကြောင်းတိုက်ခိုက်မှုကိုလည်း ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။
ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်၏ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက စစ်ပွဲစတင်ပြီးနောက် တစ်ရက်အကြာတွင် ဟစ်ဇ်ဘိုလာအဖွဲ့မှ အစ္စရေးပစ်မှတ်များကို ပြင်းထန်စွာ တိုက်ခိုက်မှုများ စတင်ခဲ့သည်။
အစ္စရေးကလည်း လက်ဘနွန်ထဲက ဟစ်ဇ်ဘိုလာအဖွဲ့ကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန် နာစရယ်လာ (Sayyed Hassan Nasrallah) သေဆုံးသွားခဲ့ကြောင်း အစ္စရေးက အတည်ပြုထားသည်။
ဟစ်ဇ်ဘိုလာ ခေါင်းဆောင် သေဆုံးပြီးနောက် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ အပါအဝင် လက်ဘနွန်နိုင်ငံနှင့်ပါ တင်းမာလျှက်ရှိနေပြီး ဒေသတွင်း စစ်ပွဲမှာ ပိုမိုကြီးထွားလာနေကြောင်း သိရသည်။
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ တို့ကြား တိုက်ပွဲကြောင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသက စစ်ဘေးလွတ်ရန် ရှောင်ပြေးသူပေါင်း ၁ သိန်းကျော်သွားပြီဟု ကုလသမဂ္ဂက ပြောဆိုထားသည်။
Ref: Aljazeera