Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ - PHYO HEIN KYAW

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေးရှင်းရန် စစ်ကောင်စီ ကမ်းလှမ်းချက် အမျိုးညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ပယ်ချလိုက်ကြောင်း ယနေ့ အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ ကမ်းလှမ်းချက်သည် ဟန်ပြဖိတ်ခေါ်ချက်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF များအား သပ်သျှိုဖြိုခွဲရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီက ၎င်းတို့နှင့်နီးစပ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ်သာဖြစ်ကြောင်းလည်း ဆိုသည်။

စစ်ကောင်စီ၏ သပ်လျှိုဖြိုခွဲလာမှုအပေါ် တော်လှန်ရေးသတိကြီးစွာ ထားရှိကြရန်လည်း တော်လှန်ရေးအင်အားစုများကို NUCC နှင့် NUG တို့က တိုက်တွန်းထားသည်။

” အဲဒီစာထဲမှာကိုက အနှစ်သာရအားဖြင့် ဆန့်ကျင်ဘက်တွေဖြစ်နေတယ်ဆိုတာကို ကျွန်မတို့ကတွေ့ရတယ်။ ဒါဟာ နိုင်ငံရေးကမ်းလှမ်းမှုလည်းမဟုတ်ဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးလိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒ (Political Will) ကြောင့်ဖြစ်လာတဲ့ ကမ်းလှမ်းမှုလည်းမဟုတ်ပါဘူး။ သူ့အကျိုးစီးပွားကို သူကာကွယ်ဖို့နဲ့ ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲဝင်ပါ၊ ပါတီထောင်ပါ၊ လက်နက်စွန့်ပါလို့ ပြောတာနဲ့ အတူတူပါပဲ။ ကျွန်မတို့ရဲ့ “မူ”က ရှင်းပြီးသား။ ကြေညာချက်တွေလည်း ထုတ်ပြီးသားဖြစ်တယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဆိုရင် ပထမဆုံး စစ်တပ် နိုင်ငံရေးက ထွက်လိုက်၊ စစ်တပ်နိုင်ငံရေးက ထွက်ဖို့တော့လိုတယ်။ အနည်းဆုံး ဒီဟာ ဒီ Principle ကို သဘောတူရလိမ့်မယ်။ ပြီးလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးရမယ်။ ” ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က BBC အင်တာဗျူးတွင် ပြောကြားခဲ့သည်။

စစ်အစိုးရ အဆက်ဆက်က လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင် လမ်းစဥ် စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း စသဖြင့် ခေါင်းစဥ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓကများ စွာလည်း ရှိခဲ့ပြီးဖြစ်ကြောင်း NUCC နှင့် NUG တို့က ဆိုသည်။

Principle အရ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည်ကို လက်ခံထားသော်လည်း အနည်းဆုံး အချက် ၃ ချက်ကို နားလည် သေဘာပေါက်ရန် Address ရလိမ့်မည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

“မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာဟာ ဘယ်ကစလဲ၊ ဘယ်မှာရှိနေလဲဆိုတာ ကျွန်မတို့ကောင်းကောင်းသိတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအသစ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဒီမိုကရေစီစနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံအသစ်ရေး၊ ပြီးလို့ရှိရင် အဲဒီအသစ်နဲ့အတူ ခုနက တိုင်းပြည်ရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေကို Address (ဖြေရှင်း) လုပ်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုပြန်လည်ဖော်ဆောင်ဖို့အတွက် လုပ်ငန်းစဉ်တွေကို အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြီးတော့ အာမခံလိုက်။ … ဒါဆိုပြီးသွားပြီပေါ့နော်။ ရှင်းရှင်းလေးပဲ၊ ကျွန်မတို့မှာ အဖြေရှိပြီးသား အဲဒီတော့ ဟိုပြော ဒီပြော ရွေးကောက်ပွဲ ဝင်ပါ၊ မဝင်ပါတွေ ပြောနေစရာကိုမလိုဘူး။” ဟု ပြောသည်။

စစ်ကောင်စီက ကိုယ့်အကျိုးစီးပွားကို သကာလောင်းထားသည့် ပုံစံမျိုးဖြင့် ချဉ်းကပ်၍ မရတော့ကြောင်း ဒေါ်ဇင်မာအောင်က ဆိုသည်။

ယခုလည်း စစ်ကောင်စီက တော်လှန်ရေး အဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ခြင်း၊ မြို့ရွာများအားဗုံးကြဲခြင်း၊ ရွာများအား မီးရှို့ခြင်း၊ ပြည်သူများကို မတရားဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်း စသည်တို့ကို မရပ်မနား ပြုလုပ်နေပြီး အခြား တဖက်က နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းဆိုသည်မှာ ယုတ္တိမရှိ သော လုပ်ရပ် တခုသာဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ် အာဏာသိမ်းစဥ်ကတည်းက ပျက်ပြယ်ပြီး ဖြစ် သကဲ့သို့ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ဖျက်သိမ်းခဲ့ပြီးလည်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားအသုံးပြု၍ ပြုလုပ်လိုသည့် မည်သည့်နိုင်ငံရေး လမ်းကြောင်းကိုမျှ လက်မခံသကဲ့သို့ တရားမဝင် အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက် ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု NUCC နှင့် NUG တို့က အတိအလင်း ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ