Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ULA/AA ပြောခွင့်ရ ဦးခိုင်သုခ တုံ့ပြန်ခြင်းမရှိပေ)

CDF-Paletwa (ပလက်ဝ ကာကွယ်ရေးတပ်) ကို ထောက်ပံ့သည်ဟုဆိုကာ ပလက်ဝမြို့နယ် ကျေးရွာလေးရွာက အရပ်သား ၁၄ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း Global Khumi Organization (GKO) က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၇ ရက်တွင် င/ရှားကျေးရွာမှ ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်နှင့် ဦးယက်ရယ် (Yeh Ray) နှင့် ချင်းဒေါက်ကျေးရွာမှ ဦးနန်းဘဲ၊ ဦးကျော်လှအောင်တို့ကို AA က ဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကုန်းတော်အုပ်စု ရေချမ်းသာကျေးရွာမှ ၃ ဦး (နာမည်စိစစ်ဆဲ) ကိုလည်း AA တပ်ဖွဲ့ဝင်များကဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဖော်ပြထားသည်။

ယင်းအပြင် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း အောက်ဘလိုင်ကျေးရွာမှ ဦးစွန်းအောင် (၆၈) နှစ်၊ ဦးခင်ကျော် (၃၅) နှစ်၊ ဦးကာပန် (၅၅) နှစ်၊ ဦးဟွေ့ကို (၅၇) နှစ်တို့အား AA က နောက်ပြန်ကြိုးတုပ် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု GKO က ပြောသည်။

ဖမ်းဆီးခံရသူများအချို့မှာ မီးဇာကျေးရွာတွင် ထိန်းသိမ်းထားသည်ဟု ကြားသိရပြီး တချို့ကိုမူ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၄ ရက်နေ့ကလည်း အဖြစ်မှန်ကို သေချာစိစစ်ခြင်းမရှိဘဲ ပိန္နဲတပင်ကျေးရွာတွင် AA တပ်ဖွဲ့ဝင်တစ်ဦးကို ရွာသားများက ရိုက်နှက်သည်ဟု သံသယဖြင့် AA တပ်ဖွဲ့ဝင်များက ပိန္နဲတပင်ရွာနှင့် သဲမချောင်းဝကျေးရွာများမှ AA ခန့် ကျေးရွာအုပ်ချုပ်ရေးအားလုံးနှင့် အခြားသော ကျေးရွာသားငါးဦး (အားလုံးပေါင်း ၁၅ ဦးခန့်) တို့ကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ရိုက်နှက်ခံရသည့် ရွာသားများမှာ ပြင်းထန်စွာဒဏ်ရာရကာ တချို့အုပ်ချုပ်ရေးမှူးများမှာပြင်းထန်စွာ ဒဏ်ရာရရှိပြီး အလုပ်လုပ်ရန်ပင် မသွားနိုင်ကြကြောင်း GKO က ဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့ ဖြစ်စဉ်မှာ နံနက်ပိုင်းတွင် သဲမချောင်းထဲရွာ အထက်ရှိ ရွာသားပိုင်လယ်ကွင်းမှာ အခြေချတပ်စွဲသော AA တပ်ဖွဲ့ဝင်တစ်ဦးသည် သဲမချောင်းဝသို့ အလာလမ်း သဲမချောင်းထဲ တည့်တည့်တွင်ရှိသော ဒေသအခေါ် (kakawi) မှာ သတိမေ့ပြီးလဲနေခဲ့သည်ကို တွေ့ရှိကြသော ရွာသားများက ပလက်၀ဆေးရုံသို့ ပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

CNF/CNA ရောက်လာသည်ဟုဆိုကာ စက်တင်ဘာလ ၁ ရက်နေ့ ညက ခူမီး(ချင်း) နေထိုင်သည့် ကြွေသောင်ကျေးရွာအုပ်စု လောင်းတင် (Laung Tang) ရွာကို AA တပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

AA တပ်ဖွဲ့ဝင်များက အမျိုးသမီးနှင့် နိုးစို့ကလေးငယ်များအပါအဝင် ရွာသားများအားလုံးကို ရွာစာသင်ကျောင်းထဲ စုခိုင်းခြင်း၊ အချို့သော အမျိုးသားများကိုမူ သူတို့နှင့် လိုက်စေကာ အိမ်တိုင်းသို့ဝင်ပြီး လူသစ်ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းနှင့် အချို့အိမ်များတွင် သေတ္တာ၊ ဗီရိုများကို ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း GKO က ဆိုသည်။

ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း အာရက္ခတပ်တော် AA သည် မင်းမဲ့စရိုက်လက္ခာအပြည့်ဖြင့် အဓမ္မကျူးကျော် ဝင်ရောက်လာပြီး ဒေသခံပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးကြိုးတုပ်ခြင်း၊ လူသားမဆန်စွာ ရိုက်နှက်ခြင်းနှင့် နည်းလမ်းပေါင်းစုံ ညှင်းပန်းနှိပ်စက်ခြင်းများ ဆက်လက်လုပ် ဆောင်နေသည်ဟု GKO က စွပ်စွဲထုတ်ပြန်ထားသည်။

အခြေခံ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်ခြင်းနှင့် ယင်းသို့ ချင်းလူမျိုးများအပေါ် လေးစားမှုကင်းမဲ့စွာ ဆက်ဆံခြင်းသည် ချင်းလူမျိုးနှင့် ရခိုင်လူမျိုးတို့အကြား မလိုလားအပ်သော လူမျိုးရေးပြဿနာ ပိုမိုကြီးထွားလာရန် AA က လုပ်ဆောင်ခြင်းဖြစ်ဟုမှတ်ယူကြောင်း Global Khumi Organization (GKO) အဖွဲ့က ပြောသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ အာရက္ခတပ်တော် ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News မှ ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမရှိပေ။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ