Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့ပေါ်မှ သေဆုံးခဲ့ရသည့် အသက်မပြည့်သေးသည့် ကလေး (အမျိုးသား) တစ်ဦးအား တွေ့ရစဉ်။ (ဓါတ်ပုံ - Western News/CJ)

ရခိုင်ပြည် တောင်ကုတ်နှင့် သံတွဲမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၁ ရက်၊ ၂ ရက် ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

သံတွဲမြို့နယ် ညောင်ခြေထောက်ကျေးရွာကို အောက်တိုဘာလ ၁ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူမှာ ဦးအောင်နိုင်သူနှင့် ဒဏ်ရာရရှိသူမှာ ကိုမိုးတီဖြစ်သည်။

ဒေသခံတစ်ဦးက ” ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ညောင်ခြေထောက်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ ရွာက ဘုန်းတော်ကြီးအနီးက နေအိမ်တွေကို ထိမှန်ခဲ့တာပါ။ ” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က သံတွဲမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သား ၁၄ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး ၂၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ယင်းအပြင် တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာကိုလည်း အောက်တိုဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီ ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးနှစ်လုံးကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။

တောင်ကုတ်ဒေသခံတစ်ဦးက ” ည ၁၂ နာရီလောက်မှာ စစ်ကောင်စီက ခေါင်းလောင်းတူရွာကို ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဘာတိုက်ပွဲမှလည်း ရှိတာမဟုတ်ဘူး။ တမင်းရည်ရွယ်ပစ်ခတ်ခဲ့တာပါ။ ရွာပြင်အစပ်နားလေးမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့လို့ ကလေးငယ် ၁ ဦး ခေါင်းမှာ ဒဏ်ရာ ရရှိသွားပါတယ်။ ” ဟု ပြောသည်။

ကလေးငယ်၏ ဦးခေါင်းတွင် တစ်လက်မခွဲခန့် ဗုံးစထိမှန် ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ခေါင်းလောင်းတူ ကျေးရွာသားများမှာ စစ်ကောင်စီ ဗုံးအန္တရာယ်ကို စိုးရိမ်၍ အိုးအိမ်စွန့်ခွာသွားကြပြီဖြစ်သည်။

တကျော့ပြန်တိုက်ပွဲနောက်ပိုင်း တောင်ကုတ်မြို့အနီးအနားတွင် စစ်ကောင်စီနှင့် AA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိပြီး ၁၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိထားကြသည်။

အာရက္ခတပ်တော် AA က တောင်ကုတ်မြို့ကို ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ကလည်း တောင်ကုတ်တက္ကသိုလ်ဝန်းထဲ အမြောက်တပ်စွဲ အထိုင်ချထားကြောင်း မြို့ခံများက ဆိုသည်။

တောင်ကုတ်မြို့ခံ ၆၀ ရာခိုင်နှုန်းမှာ စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး ကျန်မြို့ခံများမှာလည်း မြို့ထဲပိတ်မိနေကာ စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုများကို ရင်ဆိုင်နေရသည်။

တောင်ကုတ်မြို့ခံများအားလုံးမှာ မြို့နယ်ထွေ/အုပ်ရှိ စစ်ကောင်စီ အရာရှိ G1 ထောက်ခံချက်ပါမှ မြို့ပြင်သို့ ထွက်ခွင့်ရပြီး ခရီးရှည်သွားမည်ဆိုပါက မှတ်ပုံတင်အား စစ်ဆေးရေးဂိတ်များတွင် ထားခဲ့ရသည်ဟု စုံစမ်းသိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ