Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်မှ လူငယ်များသည် ပြည်မနှင့် နိုင်ငံခြားကို အလုပ်လုပ်ရန် ထွက်ခွာရာလမ်းတွင် အာရက္ခတပ်တော် AA မှ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယင်းအထဲမှ လူငယ်အချို့မှာ ပြန်လွတ်လာသော်လည်း တစ်ချို့မှာ ဖမ်းဆီးခံထားရကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရသည်။

သြဂုတ်လ ဒုတိယသီတင်းပတ်အတွင်းက ရခိုင်မှ ပြည်မဘက်သို့ ပွဲစားဖြင့် ထွက်ခွာလာကြစဉ် ရခိုင်လူငယ် ၅၀ ကျော်ကို အမ်းမြို့နယ်ဘက်တွင် အာရက္ခတပ်တော်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရခြင်းဖြစ်ကြောင်း လွတ်မြောက်လာသည့် လူငယ်များနှင့် ဖမ်းဆီးခံထားရသည့် မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံထားရသူများထဲတွင် အသက် ၁၅ နှစ်အရွယ် ကလေးများနှင့် လူလတ်ပိုင်းအမျိုးသား၊ အမျိုးသမီးများပါဝင်ပြီး လူငယ်အချို့ကို စစ်သင်တန်းတက်ရန် စေခိုင်းထားကြောင်း လွတ်မြောက်လာသည့် လူငယ်များနှင့် ဖမ်းဆီးခံထားရသည့် မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသည့်ဖြစ်စဉ်အား သိရှိသူ သတင်းရင်းမြစ်တစ်ဦးက “သူတို့အုပ်စုက လူစုစုပေါင်း ၅၅ ယောက်ပါပါတယ်။ မြောက်ဦးမြို့နယ်ကနေ ကား ၂ စီးနဲ့စထွက်လာကြတာပါ။ ၁၂ ရက်နေ့မှာ အမ်းကိုရောက်ကြတယ်။ နောက်အမ်းမှာနားကြပြီး ၁၄ ရက်နေ့ မနက်စောစော စအထွက်မှာ AA စစ်ဆေးရေးဂိတ်ဖြစ်တဲ့ တပ်တောင်ဂိတ်မှာ အစစ်ဆေးခံကြရတယ်။ အဲ့ဒီကတည်းက မြို့နယ်မှူးလာတယ် ရပ်ကွက်က ဒုအုပ်ချုပ်ရေးမှူးပါတယ်။ ဖုန်းတွေ ပိုက်ဆံတွေ အကုန်သိမ်းသွားကြတယ်။ ပြီးတော့ သူတို့အုပ်စုကို မင်းပြားကို ပို့ပေးမယ်ပြောပြီး နိုဗာ (၁) စစ်ဒေသကို ခေါ်သွားကြတာပဲ” ဟုပြောသည်။

ဖမ်းဆီးခံရသူများမှာ ရခိုင်က မြို့နယ်အသီးသီးမှ ပါဝင်ပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖမ်းဆီးခံရသည့် အဖွဲ့တွင်ဆိုလျှင် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့်မြို့နယ်များမှ ပါဝင်ကြသည်။

အဆိုပါအုပ်စုမှာ နိုဗာ(၁) စစ်ဒေသသို့ရောက်စဉ် မိသားစုဝင်များအား နီးစပ်ရာ အာရက္ခတပ်ဖွဲ့များ၏ အကူညီဖြင့် ဖုန်းဆက်သွယ်ခဲ့မှုရှိခဲ့ကြရာမှ မိသားစုဝင်များ သိရှိခဲ့ရခြင်းဖြစ်ပြီး အဆိုပါ နိုဗာ(၁) စစ်ဒေသတွင်ပင် ဖမ်းဆီးထားသည့် လူ ၅၅ ဦးထဲမှ ၉ ဦးကိုလွှတ်ပေးခဲ့ကာ ကျန်လူများကို တစ်ခြား စစ်ဒေသအသီးသီးသို့ ပို့ဆောင်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

လွှတ်လာသူများမှာ ကျန်းမာရေးမကောင်းသူများနှင့် တပ်ဖက် သက်ဆိုင်ရာနှင့် ရင်းနှီးမှုရှိသူများ အပြင် အာရက္ခတပ်တော်ထဲတွင် မိသားစုဝင် တပ်ဖွဲ့ဝင်တစ်ဦးဦးရှိနေခြင်းကြောင့် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

ကျန်ရှိနေသည့် အဆက်သွယ်မရဘဲ ဖမ်းဆီးခံထားရသူများမှာမူ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များဖြစ်သည့် ကသစ်တော၊ ရွာသစ်ကေ၊ ဝက်လှ၊ ခွဆုံ၊ လက္ကာ၊ ဂုတ်ပီထောင့်၊ အောက်စည်းမောင်း၊ ရွာမပြင်၊ သရက်တပင်၊ ချရား၊ ပေါက်တောနှင့် စစ်တွေမြို့နယ်၊ ရသေ့တောင်မြိုနယ်၊ ဘူးသီးတောင်မြို့နယ် တို့မှဖြစ်ကြောင်း သိရသည်။

ထိုသူများအား စစ်ဒေသအချို့တွင် စစ်သင်တန်းတက်ခိုင်းထားပြီး မိသားစုဝင်များသွား တွေ့လျှင်လည်း တွေ့ခွင့်ဆက်သွယ်ခွင့် မပေးကြောင်း အမည်မဖော်လိုသည့် အသက် ၃၀ ကျော်ရှိ အမျိုးသမီး ဖမ်းဆီးခံမိသားစုဝင်တစ်ဦးက ပြောသည်။

“အဖမ်းခံရတုန်းက ဆက်သွယ်လာကြတယ်။ သူတို့ကို စိတ်မပူနဲ့ စစ်ကောင်စီထံ အဖမ်းခံကြရမှာစိုးလို့ AA က ခေါ်ထားတယ်လို့ပြောခဲ့ကြတယ်။ လူတစ်ချို့လွတ်လာတဲ့အခါကျမှ သူတို့ဆီမေးမြန်းရင်းသိလာကြရတယ်။ စစ်သင်တန်းတက်ဖို့ခေါ်ထားခံခဲ့ကြတာလို့ ပြောတယ်။ သူတို့ကမတက်ချင်ဘူးလို့ငြင်းကြပါတယ်။ အိမ်ကိုပြန်ပို့ဖို့ပြောကြတယ်။ အိမ်ကိုရောက်ရင် တစ်အိမ်တစ်ယောက်မဖြစ်မနေလိုက်ရမယ်ဆိုရင်လည်း သူတို့အိမ်ကလူတွေနဲ့တိုင်ပင်ပြီးလိုက်ကြပါမယ်။ အခုတော့အိမ်ကိုပို့ပေးပါလို့ပြောကြတယ်လို့ဆိုတယ်။ ဒါပေမယ့် အိမ်လည်းမပို့ကြသလို ဘယ်နေရာမှာရှိတယ်ဆိုတာတောင် မိသားစုဝင်တွေကိုအသိမပေးဘဲ စစ်သင်တန်းအတင်းတက်ခိုင်းထားကြတယ်” ဟု ပြောသည်။

အဆိုပါလူငယ် အယောက် ၅၀ ကျော် ဖမ်းဆီးခံရသည့်အုပ်စုတွင် ကျောက်တော်မြို့နယ်မှ ပွဲစားဖြစ်သူ၏ ဇနီးပါ ဖမ်းဆီးခံထားရပြီး ၉ လအရွယ်သမီးဖြစ်သူနှင့်အတူ အာရက္ခတပ်တော်ထံထိန်းသိမ်းခံထားရကြောင်း Western News ကို မိသားစုဝင်များကပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ကလေးငယ်နှင့် မိခင် ဖြစ်သူမှာ ကျန်းမာရေးမကောင်းဖြစ်လျက်ရှိကြောင်း မိသားစုဝင်များက ဆက်လက် ပြောသည်။

ယင်းအပြင် လူ ၅၅ ယောက်ထံမှ ရရှိထားသည့် ကျပ်သိန်း ၁ ထောင်ကျော် ငွေကြေးကိုလည်း ပွဲစားအိမ်မှနေ၍ ဖမ်းဆီးသွားသည့် ULA/AA တာဝန်ခံများက ယူဆောင်သွားပြီး ငွေကြေးအား ပြန်လည်ပေးဆောင်ခြင်းမရှိသေးကြောင်း လွတ်မြောက်လာသူများထံမှ သိရသည်။

လွတ်မြောက်လာသူတစ်ဦးက “သင်တန်းတက်နေတဲ့သူတွေ သင်တန်းပြီးမှ အကုန်လုံးကိုစုပြီး ပေးမယ်လို့ ပြောတယ်။ တစ်ယောက်ကို သိန်း ၃၀၊ ၄၀ ပေးပြီးသွားကြရတာ။ ငွေတွေကချေးငှားပြီးသွားကြရတာများတယ်။ မဟုတ်ရင်လည်း ရှိတာအကုန်ရောင်းချပြီး သွားကြရတာ။ လွတ်လာတဲ့သူတွေအနေနဲ့လည်း ငွေပြန်မရတာကြောင့် တော်တော်အခက်ခဲဖြစ်ကြရပါတယ်။ ဖမ်းဆီးထားတဲ့သူတွေ ပြန်လွတ်ပေးဖို့ တောင်းဆိုပါတယ်။ အထက်ကလူကြီးတွေ ဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်စေချင်ပါတယ်” ဟုပြောကြသည်။

လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ လက်ရှိဖမ်းဆီးခံထားရသည့် လူငယ် ၅၅ ဦးအပြင် နောက်ထပ်လူငယ်၊ လူလတ်ပိုင်း ၂၅၀ ခန့် ဖမ်းဆီးခံထားရခြင်း ရှိကြောင်း ပြောဆိုကြသည်။ သို့သော် ထိုပြောဆိုချက်နှင့်ပတ်သက်၍ Western News က သီခြားအတည်ပြု၍ မရရှိသေး။

ယင်းအခြေအနေများကို သိရှိနိုင်ဖို့ အာရက္ခတပ်တော်၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခကို Western News စက်တင်ဘာ ၃၀ ရက်နေ့က တစ်ကြိမ် အောက်တိုဘာ ၄ ရက်နေ့က တစ်ကြိမ် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်တုန့်ပြန် ပြောဆိုခြင်းမရှိပေ။

အသက်မပြည့်သည့် ကလေးငယ်များအပါအဝင် လူငယ်များကို ၎င်းတို့၏ သဘောဆန္ဒမပါဘဲ အတင်းဓမ္မ စုဆောင်းခြင်းများ မလုပ်ဖို့လိုကြောင်း အမည်မဖော်လိုသည့် လူ့အခွင့်အရေး ရှေ့နေတစ်ဦးက ပြောသည်။

“စစ်ကောင်စီဖက်ကလည်း အခု နောက်ပိုင်း စစ်သားစုဆောင်မှုတွေ လုပ်ဆောင်လာတယ်။ သူတို့ သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်မချင်းကို အတင်းဓမ္မ လူစုဆောင်း တာတွေ လုပ်ဆောင်လာတွေ့ရတယ်။ AA တစ်ခုရယ်လို့တော့ မဟုတ်ပါဘူး။ ဒါတွေက စစ်ပွဲ ဖြစ်တဲ့ နေရာတွေ တော်တော်များများ တွေ့လာရတယ်။ လူငယ် လူလတ်ပိုင်းတွေ သူတို့ သဘောဆန္ဒမပါဘဲ အတင်းဓမ္မ စုဆောင်းတာတွေ မလုပ်ဖို့ လိုပါတယ်။ အခုတိုင်းရင်းသားနယ်မြေတွေနဲ့ စစ်ကောင်စီ စိုးမိုးတဲ့ နေရာတွေမှာ ဒီလို ဖြစ်စဉ်တွေ ဆက်တိုက်တွေ့လာရတယ်”ဟုပြောသည်။

လက်ရှိတွင် ထိုကဲ့သို့ အဖမ်းခံရသူများထဲမှ တစ်ချို့မှာ ဗီတာ(၂) စစ်ဒေသတွင် စစ်သင်တန်း တက်ရောက်လျှက်ရှိနေကြပြီ ဖြစ်ပြီး မိသားစုဝင်များတွေ့ခွင့်ရရန် သွားရောက်စုံစမ်းကြသော်လည်း တွေ့ခွင့်မရဘဲရှိနေကြသည့်အတွက် မိသားစုဝင်များအနေဖြင့်များစွာစိုးရိမ်လျှက်ရှိနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ