Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ထားသော အာရက္ခတပ်တော် AA။ (ဓါတ်ပုံ - AA)

စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည် အမ်းမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယခု အောက်တိုဘာလ အစောပိုင်းကစ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ စစ်ကောင်စီတပ်စခန်းများကို AA က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်သည်။

AA ၏ ထိုးစစ် အောက်တိုဘာလ ၅ ရက် နေ့လယ်ပိုင်းက ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်စခန်းများကို အင်အားအများအပြားသုံး တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းသိသူ ဒေသခံတစ်ဦးက ပြောသည်။

” အောက်တိုဘာ ၅ ရက် နေ့လ ၁၂ နာရီဝန်းကျင်ကနေ AA ဖက်က စပစ်နေတာပါ။ ညနေပိုင်းအထိမရပ်ဘူး။ အမ်းက နပခ အပါအဝင် ခမရ တပ်စခန်းတွေအကုန်လုံးကို ပစ်ချနေတာ။ AA ဖက်က ပစ်တာများတော့ သူတို့စခန်းတွေက ပစ်တာတွေရပ်နေတယ်” ဟု ပြောသည်။

အမ်းမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့ကစ၍ AA မှ စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့် မဲတောင်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး တိုက်ပွဲများလည်းပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် မဲတောင်တပ်စခန်းကို စစ်ကောင်စီမှ ခြေလျှင်တပ်သားများနှင့် ရေကြောင်းက အင်အားအလုံးရင်းသုံး၍ ခုခံနေပြီး မြို့တွင်းတပ်စခန်းများတွင်းပင် အင်အားနည်းပါးလျှက်ရှိလာနေသည်ဟု အမ်းမြို့သတင်းရင်းမြစ်များက ဆိုသည်။

အမ်းမြို့အနီး တိုက်ပွဲများပြင်းထန်လာခြင်းနှင့် မြို့ထဲသို့ တိုက်ပွဲများ အချိန်မရွေး ရောက်ရှိလာနိုင်သည့်အတွက် မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာနေရသလို့ စစ်ကောင်စီကလည်း မြို့အနီးက ကျေးရွာ ၁၀ ထက်မနည်းကို အတင်းအဓမ္မ နှင်ထုတ်နေကြောင်း သိရသည်။

အမ်းမြို့ခံတစ်ဦးက “ဒီအတိုင်းဆို တိုက်ပွဲက မြို့ထဲကို ဝင်လာဖို့နီးလာပါပြီ။ ဒီအခြေနေမှာ စစ်ကောင်စီက လေကြောင်းကိုသုံးပြီး မြို့ထဲကိုပစ်မှာတွေကို စိုးရိမ်နေကြတယ်။ ဒါကြောင့် မြို့ထဲကျန်နေသေးတဲ့ မြို့ခံတွေ မြို့က ထွက်ဖို့ကို ပြင်နေကြပါတယ်” ဟုပြောသည်။

အမ်းမြို့နယ်တွင် အာရက္ခတပ်တော် AA မှ ပြီးခဲ့သည့် မတ်လအတွင်းကစ၍ တော်ဟိန်းတောင်ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇွန် ၂၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းနောက် အမ်းမြို့နယ်တွင်း နှစ်ဖက်တိုက်ပွဲများ အနည်းငယ်ငြိမ်သက်ခဲ့ရာမှ စက်တင်ဘာလအတွင်း တိုက်ပွဲပြန်လည်စတင်လာပြီး စစ်ကောင်စီ မဲတောင်အခြေကုပ်စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ