Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် တောင်ပိုင်းဒေသ ဂွမြို့နှင့် ကျိန္တလီမြို့ကို ဆက်သွယ်ထားသည့် ကုလားပြင်ရွာထိပ်က တံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်ချိန် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း AA က ယမန်နေ့ အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

AA က သံတွဲမြို့ကို သိမ်းပြီးနောက် ကျိန္တလီကတစ်ဆင့် ဂွမြို့သိမ်းပိုက်ရန် ထိုးစစ်ဆင်နွှဲချိန် ကျိန္တလီမြို့ထဲက ရဲနှင့်စစ်တပ်မှာ ကုလားပြင်ရွာဘက်သို့ တပ်ဆုတ်သွားသည်။

ကုလားပြင်ရွာထဲ၊ တံတားထိပ် ကိုင်းခုန်နှင့် ကုလားပြင်ရွာအနီး ကံကော်တောင်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားထား၍ AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ရာ ကုလားပြင်က တပ်စခန်းများအားလုံးကို အောက်တိုဘာလ ၆ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။

AA က ထိုသို့ ကုလားပြင်ရှိ တပ်စခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကုလားပြင်တံတားကို အောက်တိုဘာလ ၇ ရက် နံနက် ၂ နာရီခွဲအချိန်တွင် မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ကုလားပြင်တံတား မိုင်းခွဲဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဂွမြို့ဖက်သို့ တပ်ဆုတ်သွားကြောင်းနှင့် တပ်ဆုတ်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်း တိုက်ခိုက်လျှက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

ကုလားပြင်ရွာထဲက တပ်စခန်းများကို AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ယနေ့ နံနက်အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။

” ကုလားပြင်ကို AA က သိမ်းလိုက်ပြီဆိုတာကို သတင်းမလွှင့်စေချင်ဘူး။ ဒါပေမယ့် AA က ထုတ်ပြန်လိုက်ပြီဆိုတော့ မတတ်နိုင်တော့ဘူးလေ။ အခု လေကြောင်းတိုက်ခိုက်မှု လုပ်နေပါတယ်။ ရွာပတ်ပတ်လည်ကို ဗုံးကြဲနေပါတယ်။ ကျနော်တို့စိုးရိမ်တာက လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတွေ ထိခိုက်မှာ အရမ်းစိုးရိမ်နေတာပါ။ အားလုံးသေကုန်ကြပါမယ်။ ဒေသခံတွေ အရမ်းစိုးရိမ်နေပါတယ်။ ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် တောင်ပိုင်းဒေသ သံတွဲ၊ တောင်ကုတ်၊ ဂွဒေသများကို နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သားနေထိုင်ရာ မြို့ရွာများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ ဈေးနားရွာသစ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၇ ရက်နေ့ ည ၁၁ နာရီကျော်လောက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက် ညနေ ၁၁ နာရီကျော်အချိန်က တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို ဒုတိယအကြိမ် စစ်ကောင်စီက ဗုံးလာကြဲပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များကို Western News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ