Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ဘူးသီးတောင်မြို့နယ်က ARSA တပ်စခန်းမှာ AA သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။ (ဓါတ်ပုံ - AA)

စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဘူးသီးတောင်ဒေသတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA တပ်စခန်းတစ်ခုကို အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီခန့်က သိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

AA သိမ်းပိုက်ထားသော ARSA တပ်စခန်းမှာ ဘူးသီးတောင်မြို့နယ် ရွှေထား (မူဆလင်) ရွာ၏ အနောက်ဘက် (၄.၉) ကီလိုမီတာအကွာအဝေး၌ စခန်းချနေထိုင်နေသာ တပ်စခန်းဖြစ်သည်။

ARSA တပ်စခန်းက လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့တို့ကို သိမ်းဆည်းရမိခဲ့ပြီး ယင်းစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံရှင်းလင်းလျက်ရှိသည်ဟု AA က ဆိုသည်။

မောင်တောမြို့နယ်၊ ကိုင်းကြီး မြိုရွာမှ ကလေးငယ်များအပါအဝင် အရပ်သား ၄ ဦးကို ARSA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့က စက်တင်ဘာလ ၃၀ ရက်တွင် ဖမ်းဆီးသွားပြီး AA က လိုက်လံရှာဖွေနေသည်။

ဖမ်းဆီးခံရသည့် အရပ်သားများမှာ ဦးဆိုင်ဝင်း (၄၅) နှစ်၊ ၎င်း၏သားများ ဖြစ်ကြသော မောင်လင်ကြီး (၁၅) နှစ်၊ မောင်အာမွန်း (၁၂) နှစ်နှင့် ၎င်း၏ တူဖြစ်သူ မောင်ဒီကော် (၁၄) နှစ်တို့ ဖြစ်သည်။

၎င်းတို့အားလုံးမှာ ချောင်း(ဒေသအခေါ်) သို့ ငါးရှာရန်သွားရောက်စဉ်အတွင်း ARSA က ဖမ်းဆီးသွားခြင်းဖြစ်သည်။

မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေကြသော AA တပ်ဖွဲ့ဝင်များနှင့် RSO တို့ AA သိမ်းပိုက်ထားသော “လိပ်ရစခန်း” အနီးတွင် အောက်တိုဘာလ ၆ ရက် နေ့လယ် ၁၂ နာရီ (၅၅) မိနစ် အချိန်တွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

မောင်တောမြို့ခွဲ တောင်ပြိုမြို့က စားသောက်ကုန်ပစ္စည်းများ ဝယ်ယူပြီး ပြန်လာသော ယာဉ်မောင်အပါအဝင် အရပ်သား ၆ ဦးပါ တေဘာကားတစ်စီးကို အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီကျော်အချိန်တွင် ARSA လက်နက်ကိုင်အဖွဲ့က လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ARSA တိုက်ခိုက်မှုကြောင့် အသက် ၃၈ နှစ်အရွယ် ဒေါ်ဆန်းဆန်းဦး သေဆုံးပြီး နောက်ထပ် အရပ်သား ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

ဒေါ်ဆန်းဆန်းဦးမှာ ဝဲဖက်နားထင်အား ကျည်ထိမှန်သေဆုံးခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ သေနတ်ဒဏ်ရာများပြားကြောင်း သိရသည်။

လောလောဆယ်တွင် ဝမ်းဗိုက်တွင် ပြင်းထန်ဒဏ်ရာရရှိသူ ၁ ဦးနှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ ၁ ဦးကို ဆေးကုသပေးလျှက်ရှိကြောင်း AA ကဆိုသည်။

မောင်တောဒေသတွင် အကြမ်းဖက် ARSA အဖွဲ့အပါအဝင် အခြားသော RSO, ARA စသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မွတ်ဆလင်များအပါအဝင် ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ ဓါးမြတိုက်ခြင်းနှင့် သတ်ဖြတ်ခြင်း မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

လက်ရှိတွင် ARSA, RSO, ARA တို့သည် စစ်ကောင်စီစစ်တပ် (မြန်မာစစ်တပ်) ပူးပေါင်းကာ အာရက္ခတပ်တော် AA အား ဘူးသီးတောင်၊ မောင်တောဒေသတွင် တိုက်ခိုက်နေပြီး AA နှင့် ၎င်းတို့သည် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကြသည်။

ARSA ၊ RSO တို့ ကိုင်ဆောင်ထားသော လက်နက်ခဲယမ်းအများစုမှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ကပစ စက်ရုံထုတ် လက်နက်များဖြစ်ပြီး စစ်ကောင်စီကိုယ်တိုင် တပ်ဆင်ပေးထားသော လက်နက်များ၊ နင်းမိုင်း၊ မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းများဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

ARSA, RSO မွတ်လဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုရက်များအတွင်း အကြမ်းဖက်လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်လုံခြုံရေးဆိုင်ရာ သတိအပြည့်ဖြင့် နေထိုင်ကြရန်နှင့် မသွားမဖြစ်သွားလာရမည့်ခရီးများတွင် လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် AA က သတိပေးတိုက်တွန်းထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ