Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီတွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ ပျက်စီးသွားသော တောင်ကုတ်မြို့နယ် ရွာမကျေးရွာက နေအိမ်များ။ (ရုပ်အလောင်းမှာ အောက်တိုဘာလ ၄ ရက်နေ့ ကင်းတောင်စံပြကျေးရွာမှ သေဆုံးသွားသူများဖြစ်သည်)ဓါတ်ပုံ- Western News- CJ

အရပ်သားများ နေထိုင်သည့် တောင်ကုတ်မြို့နယ်က တန်းလွဲဒေသ ရွာမကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက်နေ့ ၁၁ နာရီကျော်ခန့်က တန်းလွဲဒေသ ရွာမှရွာသစ်ကို စစ်ကောင်စီတပ်က ဗုံးနှစ်လုံးနှင့် လာရောက်ကြဲချခဲ့မှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၆ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

တန်းလွဲရွာမ ရွာသားတစ်ဦးက ” တန်းလွဲ ရွာမရွာသစ်ကို ညဉ့် ၁၁ နာရီကျော်လောက်မှာ ဗုံးနှစ်နဲ့ လာပြီးတော့ ကြဲချ သွားပါတယ်။ ချောင်းနားရွာကို လာရောက်ကြဲချသွားတာပါ။ အိမ်တွေကတော့ တော်တော်လေးကို ပျက်စီးသွားပါတယ်။ အိမ် ၂၀ လောက် ပျက်စီးသွားပါတယ်။ လူ ၁၆ ဦးကတော့ သေဆုံးပါတယ်။ ထိခိုက်ဒဏ်ရာရှိတာတော့ အရမ်းများတယ် “ဟုပြောသည်။

သေဆုံးသွားသည့်အထဲမှာ ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၆ဦး သေဆုံးခဲ့ပြီး ယင်းဒေသတွင် နှစ်ဖက်တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လာရောက် ဗုံးကြဲခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

ရွာမ ကျေးရွာသားတစ်ဦးက ” ဗုံးကြဲခံရတာတော့ ရပ်ကွက် ၄ပါ။ ချောင်းနားရွာပေါ့နော်။ တစ်ချို့ ဗုံးကြဲမှုကြောင့် လူသေအလောင်းတွေ ပိနေတာတွေရှိတယ်။ အဲ့ဒါကို မထုတ်ရသေးဘူး။ ရုပ်အလောင်းတွေက တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်သွားတာပါ။ ဒီလို တိုက်ပွဲ တစ်စုံတစ်ရာမရှိဘဲ စစ်တပ်က ဒီလို အရပ်သားတွေ နေထိုင်တဲ့နေရာကို လာပြီးတော့ ဗုံးကြဲတာတော့ အန်မတန်မှ စက်ဆုတ်ရွံရှာဖွေ ကောင်းပါတယ်။ ဒီလုပ်ရပ်တွေကို ရှုတ်ချပါတယ်။ အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို ဗုံးကြဲနေတာတွေကို ရှောင်ရှားဖို့ လိုပါတယ် ” ဟုပြောသည်။

တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို စစ်ကောင်စီတပ်က ပထမအကြိမ် စက်တင်ဘာ ၂၄ ရက်နေ့က ဗုံးကြဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ဦးသေဆုံးပြီး ၆ နှစ်သားအရွယ်နှင့် မိခင်အပါအဝင် ၃ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို စက်တင်ဘာလ ၂၅ ရက်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့သည်။

ရခိုင်ပြည်အတွင်းက တောင်ပိုင်းဒေသ သံတွဲ၊ တောင်ကုတ်၊ ဂွဒေသများကို နေ့စဉ်ဆိုသလို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သားနေထိုင်ရာ မြို့ရွာများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ