Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့မဈေးကို ကုလားတန်မြစ်သွားလာနေသော စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ် မီးရှို့ခဲ့သည်။

(နေအိမ်များပျက်စီးပြီး အရပ်သား ၂ ဦး ဒဏ်ရာရ)

ယနေ့ အောက်တိုဘာလ ၈ ရက် နံနက် အစောပိုင်းက ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီလေကြောင်းက တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” နံနက် ၁ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲခဲ့တာပါ။ ကျေးရွာအတွင်း ဘုန်းတော်ကြီးကျောင်း၊ လူနေအိမ်အချို့ ထိခိုက်ခဲ့ပါတယ်။ ရွာသား ဦးအောင်ကျော်သိန်းမှာ ဗုံးစထိမှန်လို့ ဒဏ်ရာ အနည်းငယ် ရသွားပါတယ်။ ရွာကို ရည်ရွယ်ချက်ချက် ရှိရှိနဲ့ ဗုံးလာတာပါ။ ” ဟု ပြောသည်။

ယင်းအပြင် နံနက် ၃ နာရီကျော်ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများကလည်း အတွဲလိုက်ဒုံးကျည် အများအပြားဖြင့် ပေါက်တောမြို့နယ် တောင်ဖူး၊ သဲခု၊ မင်းတဲနှင့် တောင်ဦးမော်ကျေးရွာဒေသဘက်သို့ ပစ်ခတ်ခိုက်ခဲ့သည်။

ထို အတွဲလိုက်ဒုံးတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုမရှိသော်လည်း အပြစ်မဲ့အရပ်သားပြည်သူများမှာ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကို နေ့စဉ်နှင့်အမျှ စိုးရိမ်နေရကြောင်း ပြောဆိုကြသည်။

ဆက်လက်ပြီး ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်မှာပဲ ပေါက်တော်မြို့နယ်ကဲ့သို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပုဏ္ဏားကျွန်း ကွမ်းတောင်၊ အိုင်ဒင်၊ မြောင်ကြီး၊ ပန်းနီလာ ဘက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိုင်ဒင်ကျေးရွာမှ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျွဲ၊ နွား အကောင်ရေ ၁၀ ကျော်ထက်မနည်း ဒဏ်ရာရသွားကြောင်း ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။

” လူ အိပ်မောကျနေချိန် စစ်ကောင်စီက ဗုံးလာကြဲတာ။ တော်ပါသေးတယ် ရွာထဲသို့ မကျလို့ ကျရင် အကုန်လုံးသေကြမှာ။ ဗုံးက အရမ်းကြီးတယ်လို့ ပြောတယ်။ ပေါင် ၅၀၀ ဗုံးဆိုလားမသိဘူး။ အိုင်ဒင်ဘက်က အရပ်သား ၁ ဦး ထိခိုက်တယ်လို့ ပြောတယ်။ ဖုန်းလိုင်းသိပ်မရတော့ ဘယ်သူဘယ်ဝါဆိုတာ အတိအကျ မသိရဘူး။ စစ်ကောင်စီက တိုက်ပွဲရှိတာလည်းမဟုတ်တော့ဘူး အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတယ်။ ဒါက လူသတ်မှုပါပဲ။ ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လှည့်ပတ်ပြီး အရပ်သားများနေထိုင်ရာ မြို့ရွာများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေသည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၁၁ နာရီကျော်ကလည်း တောင်ကုတ်မြို့နယ် တန်းလွှဲဒေသ ရွာမကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးကာ ၆ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံများက ပြေဆိုကြသည်။

အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် စစ်ကို စစ်နှင့်တူအောင် တိုက်ရန် အာရက္ခတပ်တော် AA သတိပေးပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ