Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မန္တလေးတိုင်းဒေသကြီးကို ပြည်သူ့တော်လှန်ရေးအင်အားစုများက အုပ်ချုပ်တော့မည်ဖြစ်၍ ကြားကာလအုပ်ချုပ်ရေး အစီအမံများနှင့် တရားစီရင်ရေး ယန္တရားများ မူကြမ်းကို ရေးဆွဲသွားမည်ဟု သိရသည်။

မန္တလေးဒေသနှင့် ကိုက်ညီမည့် အုပ်ချုပ်ရေးယန္တရား မူကြမ်းကို မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက စီစဉ်နေကြသည်။

ယင်းအင်အားစုနှစ်ခုက မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ အောက်တိုဘာ ၉ ရက်က ပြည်သူများအား ထုတ်ပြန်အသိပေးခဲ့သည်။

ကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ကိုယ်စားလှယ် ၁၂ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် ၃ ဦး၊ လူထုသပိတ်အဖွဲ့အစည်း၊ CDM ရေးရာအဖွဲ့အစည်း၊ သမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်း၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ မသန်စွမ်း၊ LGBTIQ၊ ကျောင်း သား/လူငယ်ရေးရာ အစုအဖွဲ့ ကိုယ်စားလှယ် ၁၅ ဦးတို့ ပါဝင်သည်။

ထို့အပြင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ မန္တလေးဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကဏ္ဍအစုအဖွဲ့ ကိုယ်စားလှယ် ၄ ဦး၊ လူနည်းစုလူမျိုးများ အစုအဖွဲ့ကိုယ်စားလှယ် ၄ ဦး၊ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အစုအဖွဲ့ ၅ ဦးတို့ ပါဝင်ကြသည်။

ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်မိုးအောင်က ” မန္တလေးဒေသမှာ စိုးမိုးထိန်းချုပ်ဒေသတွေ ရှိသွားပြီ၊ အေးချမ်းသွားတဲ့အခါမှာ စနစ်တကျ အုပ်ချုပ်ရေးယန္တရားတွေ၊ တရားစီရင်ရေး ယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် ပါဝင်မယ့် မန္တလေးဒေသ ပြည်သူတွေနဲ့ မန္တလေးဒေသအတွက် ကိုက်ညီမယ့် အစီအမံတွေကို ကျနော်တို့ ဝိုင်းဝန်းစဉ်းစားပြီးတော့မှ ရေးဆွဲကြမှာဖြစ်ပါတယ်။ ” ဟု ဆိုသည်။

မန္တလေးဒေသ၏ ကြားကာလအစီအမံသည် တော်လှန်ရေးအင်အားစုနှင့် ပြည်သူများ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှု၊ ပေါင်းဆောင်ရွက်နိုင်မှု ရလဒ်၏ ပထမ ခြေလှမ်းဖြစ်ကြောင်းနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို အောင်မြင်စွာ အတည်ပြုဖွဲ့စည်းနိုင်သည့်အပေါ် များစွာကြိုဆိုဂုဏ်ပြုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သဝဏ်လွှာ ပေးပို့ထားသည်။

” ဒေသနဲ့ကိုက်ညီမယ့် ကျနော်တို့ ဒေသပြည်သူတွေအတွက် တကယ်အကျိုးဖြစ်ထွန်းစေမယ့် အကြောင်းအရာတွေကိုပဲ တော်လှန်ရေးကာလ၊ ကြားကာလမှာ အသုံးပြုနိုင်ဖို့ အဓိက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါက ကော်မတီက လုပ်ဆောင်မယ့်လုပ် ငန်းစဉ်တွေပါ၊ ကော်မတီက အခုမှ ရေးဆွဲရေးလုပ်ငန်းစဉ်တွေကို စတာဖြစ်တဲ့အတွက် လုပ်ဆောင်မယ့်ဟာတွေကိုပဲ ပြောခြင်းဖြစ်ပါတယ်။ ” ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်မိုးအောင်က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ကော်မတီကရေးဆွဲမည့် ကြားကာလအစီအမံသည် မန္တလေးဒေသအတွက် တော်လှန် ရေးကာလ၏ ရှေ့ဆောင်လမ်းပြ မြေပုံဖြစ်သကဲ့သို့ အသွင်ကူးပြောင်းရေးကာလ၏ လမ်းစလည်း ဖြစ်လိမ့်မည်ဟု ယုံကြည်ယူဆကြောင်းလည်း NUG က ပြောထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ