ရခိုင်ပြည် ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်က အရပ်သား အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နှင့် အသက် ၆၅ နှစ်အရွယ် ဦးမောင်မြအောင်တို့နှစ်ဦးမှာ အောက်တိုဘာလ ၇ ရက်နေ့က ဝါးခုတ်သွားစဉ် ပျောက်ဆုံးသွားသည်။
နံနက် ၈ နာရီခန့်က ဝါးခုတ်ရန် နေအိမ်မှ ဂုံးနားကျေးရွာဘက်သို့ ထွက်သွားပြီးနောက် ပျောက်ဆုံးသွား၍ AA ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေခဲ့ကြသည်။
၃ ရက်ကြာရှာဖွေပြီးနောက် အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာက နေအိမ်တစ်ခုအတွင်း ဦးခေါင်းဖြတ် မြေမြှုပ်ထားသည့် ရုပ်အလောင်းနှစ်လောင်းအား တွေ့ရှိခဲ့ကြောင်း AA ဆိုသည်။
အဆိုပါ ရုပ်အလောင်းနှစ်လောင်းမှာ ပျောက်ဆုံးသွားသော ဘူးသီးတောင် အမှတ် ၂ ရပ်ကွက်က ဦးစံရွှေမောင်နှင့် ဦးမောင်မြအောင်တို့ ရုပ်အလောင်းများဖြစ်ကြောင်း၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် မှုခင်းဆိုင်ရာ ဆေးဘက်ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထို့နောက် မိသားစုဝင်များကို အကြောင်းကြားပြီး အလောင်းတွေ့ရှိခဲ့သော နေရာအနီးတွင် မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့သည်ဟု AA က ဆိုသည်။
ဦးစံရွှေမောင်နှင့် ဦးမောင်မြအောင်တို့နှစ်ဦးကို မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA တပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ARSA တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေ ရှင်းလင်းရေးပြုလုပ်နေကြောင်း AA က ပြောသည်။
၎င်းတို့နှစ်ဦး ပျောက်ဆုံးမှုအတွက် လိုက်လံရှာဖွေခဲ့သည့် AA တပ်ဖွဲ့ဝင် ၃ ဦးမှာ ဂုံးနားကျေးရွာအနီးအရောက်တွင် ARSA တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ ၁ ဦး သေဆုံးသွားပြီး ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာ ဒေသခံ ၄ ဦးမှာ မေယုတောင်ခြေရင်း လက်ဝဲချောင်းသို့ ငါးရှာသွားစဉ် ပျောက်ဆုံးသွားပြီး ယနေ့အချိန်အထိ ပြန်မတွေ့သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပျောက်ဆုံးသွားသူ ၄ ဦးမှာ အသက် ၄၅ နှစ်အရွယ် ဦးဆိုင်ဝင်း၊ သက် ၁၂ နှစ်အရွယ် မောင်အာမွန်း၊ အသက် ၁၄ နှစ်အရွယ် မောင်ဒီကျော်နှင့် အသက် ၁၅ နှစ်အရွယ် မောင်လင်ကြီးတို့ဖြစ်သည်။
ပျောက်ဆုံးမှုအတွက် မိသားစုဝင်များက AA လုံခြုံရေးတပ်ဖွဲ့ဝင်များထံ တိုင်ကြားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုက်လံရှာဖွေပေးနေပြီး ARSA က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း AA က ပြောသည်။
ပျောက်ဆုံးအရပ်သားများအား ရှာဖွေရင်း အောက်တိုဘာလ ၆ ရက်နေ့က ဘူးသီးတောင်မြို့နယ် ရွှေထားကျေးရွာအနောက်ဘက်ရှိ ARSA တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၇ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။
ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်ကို သွယ်တန်းထားသော မေယုတောင်တန်းတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA တပ်ဖွဲ့ဝင်များ ရာနှင့်ချီ ရောက်ရှိနေပြီး တပ်စခန်းများအား အထိုင်ချကာ အာရက္ခတပ်တော် AA အား တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ARSA တပ်ဖွဲ့အချို့သည် မောင်တောမြို့နယ် တောင်ပြိုမြို့က အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူပြီး ပြန်လာသော အရပ်သား ၆ ဦး စီးနင်းလာသည့် တေဘာ ကားတစ်စီးကို ခြုံခိုပစ်ခတ်တိုက်ခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးကာ ၄ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA တပ်ဖွဲ့ဝင်များမှာ အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် စစ်ကောင်စီနှင့်အတူပူးပေါင်းကာ AA အား တိုက်ခိုက်နေသည့်အတွက် ဒေသအတွင်းရှိ ပြည်သူလူထုများမှာ သတိဖြင့် သွားလာကြရန် AA က တိုက်တွန်းထားသည်။