Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(လက်နက်စုံ ၄၀၀ ကျော်နှင့် စစ်သုံ့ပန်း ၁၀၂ ဦးကို ဖမ်းဆီးရမိခဲ့)

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်သူ့ကာကွယ်ရေးတပ် PDF များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာ ၈ ရက်တွင် သိမ်းပိုက်ကာ တိုက်ပွဲမှာ ၅၄ ရက်ကြာမြင့်ခဲ့သည်။

ပင်လည်ဘူးမြို့တွင် စစ်ကောင်စီ၏ ယခင် အခြေချနေသော အင်အားအပြင် Mi-17 ဖြင့် (၂၁) ကြိမ် တပ်ကူပို့ဆောင်ခဲ့ရာ ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား (၇၇၂) ဦးထိ ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၇၀) ဦးခန့် သေဆုံးပြီး (၂၇၅) ဦး ပျောက်ဆုံး၍ (၂၂၅) ဦး ထိခိုက်ဒဏ်ရာရ (၆၀-ဦး စိုးရိမ်ရ) ရပြီး NUG ထံ အလင်းဝင်ရောက်လာသူ (၄၈) ဦးရှိကြောင်းနှင့် စစ်သုံ့ပန်း (၁၀၂) ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ကို တွေ့ရှိရပြီး စစ်ကောင်စီတပ်များ အဓိက အခြေပြုနေသည့် ရဲစခန်းအတွင်းမှ ဘိန်းမဲအထုပ် (၁၈) ထုပ် (ခန့်မှန်း ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂) ခု၊ ဘိန်းဖြူ (အထုပ်သေး) (၁၂၈၅) ခု သိမ်းဆည်း ရမိခဲ့သည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ Y-8/ 12၊ Yak-130/ Mig-29/ FTC-2000G/ K-8W၊ Mi-2/ 17/ 35၊ ကင်းထောက်လေယာဉ်တို့ဖြင့် အကြိမ်ရေ (၆၇၀) ကျော်၊ ဗုံးသီး အလုံးရေ (၅၀၀၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း NUG က ဆိုသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အမြားနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ပင်လည်ဘူးမြို့သည် ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့များနှင့်ဆက်စပ်နေပြီး ဧရာဝတီ မြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်သော လမ်းကြောင်းပေါ်မှ မဟာဗျူဟာကျသည့် မြို့ဖြစ်သည်။

ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်းကြောင့် စစ်ကောင်စီတပ်၏ အရေးပါသော ခံစစ်လိုင်းတခု ချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်၏ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့ကာ မြေပြန့်ဒေသတွင် ထုအင်အားဖြင့် ဆင်နွှဲသော မဟာဗျူဟာထိုးစစ်၏ အရေးကြီးသော အောင်ပွဲကို ရယူနိုင်ခဲ့ကြောင်းလည်း NUG က ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ