Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ-စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ယောချောင်းတံတားနှင့် နေအိမ်များအား တွေ့ရစဉ်/ ဓါတ်ပုံ Western News - CJ

ရခိုင်ပြည်၊ မြေပုံမြို့နယ် တောင်စိုင်ကမ်းတိုက်နယ် အတွင်းရှိ ယောချောင်းတံတားနှင့် အရပ်သားနေထိုင်သည့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က လေကြောင်းက ၄ ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲမှုကြောင့် တံတားနှင့် နေအိမ်အချို့ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီ ၄၅မိနစ်အချိန်ခန့်တွင် တစ်ကြိမ်၊ ၆ နာရီ ၄၀ မိနစ်တွင် တစ်ကြိမ်၊ ညဉ့် ၁၁ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်၊ ညဉ့် ၁၁ နာရီ ၄၀ တွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ်တိုင်တိုင် ပေါင်း ၅၀၀ ဗုံးဖြင့် လာရောက် ပစ်ချခဲ့သည်။

အသက် ၂၉ နှစ်အရွယ် ယောချောင်း ဒေသခံအမျိုးသားတစ်ဦးက “လေးကြိမ်တိုင်တိုင် ဗုံးကြဲချသွားတာပါ။ ပေါင်း ၅၀၀ ဗုံးနဲ့ ကြဲချသွားတာပါ။ အရမ်းကို ဆိုးရွားပါတယ်။ ထိခိုက်မှုကတော့ ရှိပါတယ်။ အများသူလာသွားလာတဲ့ တံတား ပျက်စီးသွားပါတယ် “ဟုပြောသည်။

ဗုံးကြဲမှုကြောင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ပြီး အဆောက်အဦးတစ်ချို့ ကားနှစ်စီး ပျက်စီးခဲ့ကာ ယောချောင်းတံတား တောင်ဘက်ခြမ်း အပိုင်းမှာ အောက်ခံ သံထည်နှင့် အခင်းများ လူသွားလာ၍ မရသည်အထိ ပျက်စီးကြောင်း သိရှိရသည်။

နောက်ထပ် အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက “စစ်တပ်က အခု ရက်ပိုင်း တစ်ပြည်နယ်လုံးကို လေကြောင်းနဲ့ ပတ်ပြီး ဗုံးကြဲနေတာပါ။ ယောချောင်းဖက်ကို ဒါက ပထမအကြိမ် လာကြဲတာပေါ့။ မနေ့က ညနေ ၅ နာရီကနေ ဖုန်းလိုင်းအကုန် ပြတ်သွားပြီး၊ ဗုံးလာကြဲတဲ့ ယောချောင်းတံတား တစ်လျောက် ကျေးရွာသားတွေကလည်း အကုန် ထွက်ပြေးနေကြရတယ်”ဟုပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ကျောက်တော်မြို့မဈေးကို ဗုံး ၁ လုံးနှင့် အထက ၂ စာသင်ကျောင်းဝန်းထဲ ဗုံး ၁ လုံး စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့၍ ကလေးငယ် ၁ ဦးအပါအဝင် သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ သူ ၈ ဦးထက် မနည်း ရှိခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၁၁ နာရီကျော်ကလည်း တောင်ကုတ်မြို့နယ် တန်းလွှဲဒေသ ရွာမကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးကာ ၆ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းက တောင်ပိုင်းဒေသ သံတွဲ၊ တောင်ကုတ်၊ ဂွဒေသများကို နေ့စဉ်ဆိုသလို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သားနေထိုင်ရာ မြို့ရွာများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ