Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

လက်ရှိဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွင်းက ပြည်တွင်းစစ်ကို ချက်ချင်းရပ်တန့်ကြရန်နှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြန်ဆုံးပြုလုပ်ကြရန် အရှေ့တောင်အာရှ ခေါင်းဆောင်များက တောင်းဆိုလိုက်သည်။

မြန်မာ့ပြည်တွင်းစစ် အဆုံးသတ်ရေးအပါအဝင် တောင်တရုတ်ပင်လယ်အတွက် နိုင်ငံတကာဥပဒေအပေါ် အခြေခံသည့် ကျင့်ဝတ်ဆိုင်ရာ သဘောတူညီချက်ကို အမြန်လက်ခံရန်လည်း အာဆီယံခေါင်းဆောင်များက အောက်တိုဘာ ၁၃ ရက်က တောင်းဆိုခဲ့ကြသည်။

အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့မှ သံတမန်များ ပါဝင်သော လာအိုနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများ၏ အစည်းအဝေးမှာ သောကြာနေ့တွင် ပြီးဆုံးသွားပြီဖြစ်ပြီး အစည်းအဝေး သဘောထားကို အာဆီယံ ဥက္ကဋ္ဌက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး၊ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲများအတွက် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် အာဆီယံက တောင်းဆိုခဲ့သည်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက် ငြိမ်းချမ်းရေးအစီအစဉ် တိုးတက်မှုအနည်းငယ်သာရှိခဲ့၍ အာဆီယံအဖွဲ့ဝင် မြန်မာစစ်အစိုးရနှင့် လက်နက်ကိုင် တော်လှန်ရေးများ တိုးလာနေသည့် စစ်ပွဲသည် အဓိက စိုးရိမ်စရာဖြစ်လာသည်ဟု ဆိုသည်။

မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံကျော်ရှိသည့် လူဦးရေ ၁၈ ဒသမ ၆ သန်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေသေးကြောင်း အာဆီယံက ခန့်မှန်းထားသည်။

ယခုနှစ်နှောင်းပိုင်းတွင် အခြားအာဆီယံအဖွဲ့ဝင်များ ပါဝင်လာနိုင်သည့် မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲများ လက်ခံကျင်းပရန် ထိုင်းနိုင်ငံ၏ အစပြုမှုကို အာဆီယံက ကြိုဆိုကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများနှင့် မတော်တဆမှုများ၊ နားလည်မှုလွဲမှားခြင်းနှင့် တွက်ချက်မှုလွဲမှားခြင်းအန္တရာယ်ကို လျှော့ချနိုင်သည့် ယုံကြည်မှုတည်ဆောက်ရေး အစီအမံများကိုလည်း အာဆီယံက တောင်းဆိုခဲ့သည်။

နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံဖိုး ကုန်သွယ်မှု ဖြတ်သန်းနေသော ပင်လယ် ပိုင်ဆိုင်မှုအရေးသည် အာဆီယံအစည်းအဝေးများတွင် အဓိက အကြိတ်အနယ် ဆွေးနွေးရသည့် အကြောင်းအရာဖြစ်ခဲ့ကြောင်း သိရသည်။

Ref: ရိုက်တာ

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ