Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က ရခိုင်ပြည် သံတွဲမြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ၅ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူများ ၁၄ ဦးသေဆုံးခဲ့သလို ၂၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ (ဓါတ်ပုံ - Western News)

ရခိုင်ပြည်မှာ အောက်တိုဘာ ၇ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၂ ဦးအထိ ဒဏ်ရာရရှိကြောင်း Western News မှတ်တမ်းအရ သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည်။

သေဆုံးသူများထဲတွင် အသက် ၆ နှစ်ကလေးငယ် မောင်စွမ်းဆက်နိုင်လည်း ပါဝင်ခဲ့ပြီး ရွာမကျေးရွာ အမှတ် ၄ ရပ်ကွက်ကဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုတွင် အသက် မပြည့်သေးသည့် ကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူများမှာ အသက် ၁၆ နှစ်အရွယ် မောင်စိုးဝင်းမောင်၊ အသက် ၁၈ နှစ်အရွယ် မောင်ထွန်းဝင်း၊ အသက် ၁၉ နှစ်အရွယ် ကိုအောင်အောင်စိုး၊ အသက် ၂၄ နှစ်အရွယ် မကျော့နုနှင့် အသက် ၂၄ နှစ်အရွယ် မအေးဌေး တို့ဖြစ်ကြသည်။

အောက်တိုဘာလ ၈ ရက် နံနက် ၂ နာရီခန့်တွင်လည်း ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာနှင့် ဘုရားဂူနားကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၃ နှစ်အရွယ် ဦးအောင်ကျော်သိန်းမှာ ဗုံးစထိမှန်၍ ဒဏ်ရာရရှိကာ ဘုရားဂူနား ဓမ္မာရုံမှာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

အောက်တိုဘာလ ၉ ရက် ည ၁၁ နာရီခွဲအချိန်တွင် ဂွမြို့နယ် ကုလားပြင်တိုက်နယ် ရီကျော်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြောင်းနှင့် ၎င်းတို့မှာ အသက် ၄၉ နှစ်အရွယ် ဦးဇော်မင်းသိန်း၊ အသက် ၅၆ နှစ်အရွယ် ဦးမြင့်တက်နှင့် အသက် ၇၆ နှစ်အရွယ် ဒေါ်သန်းလင်း တို့ဖြစ်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ကလည်း ကျောက်တော်မြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက အရပ်သားများနေထိုင်သည့် ရပ်ကွက်များသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ ဗုံးများမှာ ကျောက်တော် အထက-၂ စာသင်ကျောင်းနှင့် မီးစက်ကြီးနေရာများသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ၅ ဦးသေဆုံးကာ ၁၆ ဦးထက်မနည်းမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

သေဆုံးသူများထဲက အချို့မှာ အသက် ၁၈ နှစ်အရွယ် အပေါက်ဝကျေးရွာက မသန္တာအေး၊ အသက် ၄၅ နှစ်အရွယ် ရွာမရပ်ကွက်က ဦးမောင်ထွန်းနိုင်၊ အသက် ၄၃ နှစ်အရွယ် ပြိုင်စံသျှားအမှုန့်ကြိတ်စက်ပိုင်ရှင် ဦးအေးကျော်၊ အသက် ၅၃ နှစ်အရွယ် ပိုက်သည်ရပ်ကွက်က ဦးကျော်သိန်းလှတို့မှာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားရခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ ၁၆ ဦးထဲတွင် အသက်မပြည့်သေးသည့် အသက် ၈ နှစ်အရွယ် မချိုမြတ်မော်နှင့် အသက် ၁၄ နှစ်သာရှိသည့် မရွှေအိမ်သူ တို့လည်းပါဝင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၁ ရက် ညနေ ၄ နာရီခွဲအချိန်တွင်လည်း အမ်းမြို့နယ် မဲလက်မောင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာကြောင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ပြိုကျပျက်စီးသွားပြီး အပြစ်မဲ့အရပ်သားပြည် ဦးကျော်ဆာမှာ ဘယ်ဖက် ခြေထောက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

သံတွဲမြို့ခံ ကိုတေဇာအောင်က ” စားသောက်ရေးနဲ့အတူ လေကြောင်းအန္တရာယ်ကို အရမ်းစိုးရိမ်နေရပါတယ်။ နေ့တိုင်းလိုလို လေယာဉ်က ဝဲနေတော့ ဒေသခံပြည်သူတွေက စားဖို့သောက်ဖို့ ပူပင်မလား၊ လေကြောင်းအန္တရာယ်ကို ကြောက်ရမလား။ တော်တော်လေးကို စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်တိုင်း အရပ်သားတွေပဲ သေနေတယ်။ အရမ်းစိုးရိမ် ကြောက်နေရတာပေါ့။ ” ဟု ပြောသည်။

စစ်ကောင်စီ (မြန်မာစစ်တပ်) သည် စစ်ရှုံးနေ၍ ရှုံးမဲမဲကာ အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်အပေါ် ကြီးမာသော ကျူးလွန်မှု ရာဇဝတ်မှုဖြစ်ကြောင်း ကျောက်တော်ဒေသတစ်ဦးက ပြောသည်။

” ကျနော်တို့မြို့မှာ အောက်တိုဘာ ၁၀ ရက်နေ့က ဗုံးကြဲခံခဲ့ရတယ်။ အစုလိုက်အပြုံလိုက် သေကြတာ။ တချို့အလောင်းတွေဆို လမ်းပေါ်မှာ ခြေပြတ်လက်ပြတ်နဲ့ ပြန့်ကြဲနေတာ။ တော်တော်လေးကို စိတ်ဆင်းရဲဖို့ကောင်းတယ်။ စစ်ကောင်စီက အရပ်သားအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာဟာ ရပ်တန့်က ရပ်သင့်ပါပြီ။ နိုင်ငံတကာကလည်း စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA က စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် စစ်ကိုစစ်နှင့်တူအောင် တိုက်ရန် သတိပေးထားပြီး အရပ်သားများရှိ မြို့ရွာများနှင့် ဘာသာရေးအဆောက်အဦ အပါအဝင် စာသင်ကျောင်း၊ ဆေးရုံးဆေးခန်းများကို မတိုက်ခိုက်ရန် ပြောဆိုထားသည်။

အမေရိကန်၊ အီးယူသမဂ္ဂအပါအဝင် UN နှင့် အာဆီယံနိုင်ငံများက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် မြန်မာပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံကို ပြန်လည်တည်ဆောက်ကြရန် တောင်းဆိုထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ