Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- သံတွဲက စစ်ရှောင်များအား တွေ့ရစဉ်/ ဓါတ်ပုံ- နီထွန်းအောင်

တိုက်ပွဲများကြောင့် ကစဉ့်ကလျား ထွက်ပြေးနေကြရသည့် သံတွဲမြို့နယ်က စစ်ရှောင် ၂သောင်းကျော်လောက်မှာ စားနပ်ရိက္ခာများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။

စစ်ရှောင်များ ကူညီဆောင်ရွက်နေသူတစ်ဦးက “နှစ်သောင်းကျော် ရှိပါတယ်။ ဂွ ကျိန္တလီဘက် အခြမ်းကလည်း နေတိုင်းလူဦးရေ တိုးနေပါတယ်။ အခက်အခဲတွေက အခြေခံအစားအစာ ဆန်၊ ဆီ၊ ငပိ၊ ငရုပ်သီးခြောက်၊ ဆေးဝါးတွေလိုအပ်ပါတယ် “ဟုပြောသည်။

လက်နက်ကြီးနှင့် လေကြောင်းရန်ကို ကြောက်ပြီး ထွက်ပြေးလာသူများထဲမှာ အမျိုးသမီးနှင့် ကလေးသူအများအပြား ပါဝင်ကြောင်း တစ်ချို့ ကလေးသူငယ်များမှာ ကျန်းမာရေးချို့တဲ့မှုမျာလည်း ရှိနေပြီး ဆေးဝါးများလည်း လိုနေကြောင်း သိရသည်။

စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ဆေးကုသမှုတွေက ရှိပါတယ်။ ဆေးဝါးတွေက ရှားပါးတယ်။ ULA အာရက္ခတပ်တော်က ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိပါတယ်။ နေ့စဥ်နီးပါး စောင့်ရှောက်မှုတွေကိုလုပ်ပေးနေပါတယ်။ အမျိုးသမီးတွေက တစ်ဝက်ကျော်လောက်ရှိမယ်”ဟုပြောသည်။

ငပလီမြို့ အပါအဝင် သံတွဲမြို့နယ်တွင် စစ်ရှောင်ပြည်သူ နှစ်သောင်းကျော်ရှိပြီး အများစုက ငပလီကမ်းရိုးတန်းတစ်လျှောက်ရှိနေကာ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင် စခန်းများတွင် ကြပ်ကြပ်တည်းတည်း နှင့် နေထိုင် နေရသည်။

စစ်ရှောင်များ ကူညီဆောင်ရွက်ပေးနေသည့် သံတွဲမြို့ခံ ကိုတေဇာအောင်က “တဖြည်းဖြည်းနဲ့ အလှူရှင်ကလည်း ရှားလာနေပြီ။ ကျနော်တို့ဆိုရင် ထောက်ပံ့မှုကို အပတ်စဉ် ၅၇ ကနေ နားထားရတယ်။ အဓိက ပိုက်ဆံ မရှိတဲ့အခါမှာ ဆန်ဝယ်လို့ မရတော့ဘူး။ ကျနော်တို့ ဆန်ပဲ အဓိက ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ အခုကတော့ ကနီတူနဲ့ Pad ထုပ်တွေပဲ ရှိတော့တယ်”ဟုပြောသည်။

သံတွဲမြို့နယ်က ဂေါ့၊ စပါးကြီး၊ မဇင်၊ ဂျိတ္တော ၊ ဈီးဖြူကုန်း၊ ငပလီ၊ ဝါးတောင်ကွင်း၊ လင်းသာ၊ မြပြင် တစ်လျောက်နှင့် ငဖဲ၊ သပြုချိုင်၊ မောင်ရွှေလေး၊ ကွင်းဝိုင်းစသည့် ပင်လယ်ကမ်းစပ် တစ်လျောက်က ကျေးရွာသားများမှာ စစ်ရှောင်နေကြရသည်။

စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေပြီး ယင်းပစ်ခတ်မှုသည်လည်း အရပ်သားများနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံးများနှင့် ဘာသာရေး အဆောက်အဦးများကို ပစ်ခတ်မှု လုပ်ဆောင်နေသည်။

ယင်းကြောင်း မြို့တွင်နေထိုင်သူများနှင့် ကျေးရွာသားများမှာ တော၊ တောင်များနှင့် လေကြောင်းရန်မှ လွတ်သည့်အချို့နေရာများကို ရှောင်တိမ်းနေရကြောင်း သံတွဲမြို့မှ ဘေးကင်းလုံခြုံသည့်နေရာကို ထွက်ပြေးနေသူ စစ်ရှောင်တစ်ဦးက ပြောသည်။

“လေကြောင်းအန္တရာယ်ကိုတော့ စစ်ရှောင်တွေရော ဒေသခံတွေရော အရမ်းစိုးရိမ်နေကြပါတယ်။ ဘာဖြစ်လို့ဆိုရင် သူတို့က နေ့စဥ်နီးပါးပဲ အရပ်ဖက်နေရာတွေ စစ်ရှောင် Camp တွေကို တိုက်ခိုက်နေကြလို့ပါ။ တစ်ချို့စစ်ရှောင်တွေဆိုရင် စာသင်ကျောင်း ဘုန်းကြီးကျောင်းတွေမှာမနေရဲကြတော့ဘူး။ ရွာထဲက အိမ်တွေ တစ်ချို့ဆို့ရင် တောတောင်တွေထဲမှာယာယီနေထိုင်ကြပါတယ်”ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က သံတွဲမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ထို့အပြင် ယခုရက်ပိုင်းများတွင် စစ်ကောင်စီတပ်က တောင်ကုတ်၊ မြေပုံနှင့် ကျောက်တော်၊ ပုဏ္ဏားကျွန်းကိုလည်း လေကြောင်းက ဗုံးကြဲမှုကြောင့် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီး လူပေါင်း ရာချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ