Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(စစ်ကောင်စီက ပင်မ ဆက်သွယ်ရေးမှ ဖြတ်တောက်လိုက်ဟု သုံးသပ်)

ရခိုင်ပြည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေး လုံးဝ ပြတ်တောက်သွားပြီဟု ပြည်မရောက် ရခိုင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

တာဝါတိုင်များ လက်နက်ကြီးထိမှန်သွား၍ အဆက်အသွယ်ပြတ်တောက် သွားခြင်းဖြစ်သည်ဟု စစ်တွေက မိသားစုထံ ဖုန်းဆက်သွယ်နေသည့် နေပြည်တော်ရောက် ကျောင်းသားလူငယ်တစ်ဦးက ပြောသည်။

” နေပြည်တော်ကို ကျောင်းကိစ္စတစ်ခုနဲ့ ရောက်နေတာ။ မနေ့ကနေ ဖုန်းဆက်လို့ လုံးဝ မရတော့ဘူး။ စစ်တွေက အမေဆီ ဖုန်းဆက်နေတာ။ အခုထိ ဆက်လို့ မရသေးဘူး။ ဒီမှာ ပြောနေကြတာက ဆက်သွယ်ရေးတာဝါတိုင်တွေ ဗုံးကြဲခံရတယ်လို့ ပြောနေကြတယ်။ ဘယ်နားက တာဝါတိုင်တွေလဲဆိုတာတော့ မသိဘူး။ ” ဟု ပြောသည်။

ရခိုင်က စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးနေသည့် ရန်ကုန်ရောက် ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုကလည်း အလှူကိစ္စဖြင့် ဒုက္ခသည်များအား ဆက်သွယ်နေသည်မှာ ၂ ရက်ရှိပြီဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ရခိုင်ကို ဖုန်းဆက်မရတာ ၂ ရက်ရှိပါပြီ။ ဘာဖြစ်တာလဲတော့ မသိဘူး။ ဒုက္ခသည်တွေကို ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ လှူမလို့ပါ။ ပုံမှန်ဆို အဆက်အသွယ် ရပါတယ်။ အခုက လုံးဝ မရတော့တာ။ တပြည်နယ်လုံး ဆက်သွယ်လို့ မရတာလို့ တခြားအသိတွေကလည်း ပြောကြတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည် ဖုန်းလိုင်းဆက်သွယ်ရေး၊ အင်တာနက်လိုင်းဆက်သွယ်ရေး ပြတ်တောက်နေသည်ကို Western News အနေဖြင့် အတည်ပြုနိုင်ရန် ရခိုင်ပြည် မြို့နယ်အသီးသီးရှိ သတင်းရင်းမြစ်များနှင့် သတင်းထောက်များအား ဆက်သွယ်ရာ ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ကစ၍ ယနေ့အထိ အဆက်အသွယ် လုံးဝ မရသေးပေ။

Western News သတင်းခန်း တာဝန်ရှိသူတစ်ဦးက ” ကျနော်တို့ ရခိုင်ကို မနေ့ကနေ အဆက်အသွယ် ပြတ်သွားတာပါ။ ပုံမှန်ဆက်နေကြ ရခိုင် တောင်ပိုင်းဒေသ၊ မြောက်ပိုင်းဒေသက သတင်းရင်းမြစ်တွေရော၊ သတင်းထောက်တွေရော၊ CJ တွေရော ဒီကနေ့ ဒီအချိန်အထိ လုံးဝ အဆက်အသွယ်မရသေးဘူး။ ရခိုင်ပြည်နဲ့ သတင်းအချက်အလက်တွေ လုံးဝ မရတော့ဘူး။ ရခိုင်က သတင်းတွေ အဆက်အသွယ် ပြတ်သွားပါပြီ။ ” ဟု ပြောသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေး ရတစ်ချက် မရတစ်ချက်ဖြစ်နေသည့် ရခိုင်မြောက်ပိုင်းက မြို့နယ်များအပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပုံမှန်နေရသည့် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ ဂွဒေသတို့ကိုလည်း ဆက်သွယ်မရတော့ဘဲ လုံးဝ ပြတ်တောက်သွားခြင်းဖြစ်သည်။

ရခိုင်မြောက်ပိုင်းက မြို့နယ်အများစုနှင့် တောင်ပိုင်းက သံတွဲ၊ ရမ်းဗြဲဒေသများတွင် ဖုန်းလိုင်းဆက်သွယ်ရေးကို အာရက္ခတပ်တော် AA က ပိတ်လိုက်ဖွင့်လိုက် ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ပင်မက ဆက်သွယ် ဖြတ်တောက်လိုက်ခြင်းဖြစ်နိုင်ကြောင်း ရခိုင်ပြည်အတွင်း စတားလင့် အသုံးပြုသူတစ်ဦးက ပြောသည်။

” အရင်က AA က သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ဖုန်းလိုင်း အပိတ်အဖွင့်နဲ့ သုံးခွင့်ပြုခဲ့တယ်။ အခု စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်တွေပါ မရတော့ ပင်မ ဆက်သွယ်ရေးကနေ ဖြတ်တောက်လိုက်တဲ့ သဘောဖြစ်တယ်။ စစ်ကောင်စီက ဖြတ်တောက်လိုက်တဲ့ သဘောရှိနေတယ်။ ပြောသံကြားတာက အမ်းမှာရှိတဲ့ ပင်မဆက်သွယ်ရေးလိုင်းက ဖြတ်တောက်လိုက်တယ်လို့ ပြောတယ်။ အတိအကျပြောဖို့တော့ ခက်တယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်နေတာကတော့ သေချာပါတယ်။ ” ဟု ပြောသည်။

အမ်းမြို့နယ်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး အောက်တိုဘာလ ၁၃ ရက်နေ့ မတိုင်မီက အမ်းမြို့နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်များ လက်နက်ကြီးနှင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ ပျက်စီးသွားသည်ဟု ဒေသခံများနှင့် အဆက်အသွယ်ရခဲ့ချိန်က ပြောကြားခဲ့ကြောင်း Western News တာဝန်ခံအယ်ဒီတာက ဆိုသည်။

ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးပြတ်တောက်နေအချိန် အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်တစ်ပြည်နယ်လုံးကို လေယာဉ်များဖြင့် ဗုံးပတ်ကြဲနေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ