Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းအကြမ်းဖက်သည့် မိမိအပြစ်ကို မျက်ကွယ်ပြု)

မြန်မာပြည်အနှံ့ ပြည်သူများအပေါ် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသော အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် နိုင်ငံရေးကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် ဆန္ဒရှိပြီး လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းပေးမည် မဟုတ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ် NCA ၉ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ မိမိတို့ လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။” ဟု ပြောသည်။

“မြန်မာ” ဆိုသည့် အသိစိတ်ဓာတ်ဖြင့် ရှေ့ကိုချီတက်ကြသည့်နေရာတွင် NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက် ကြရမည်ဟု မင်းအောင်လှိုင်က တိုက်တွန်းထားသည်။

မြန်မာပြည်တွင်း ငြိမ်းချမ်းရေးမှာ တပ်မတော် တစ်ဖက်တည်းက လုံ့လစိုက်နေ၍ မရကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အားလုံးကလည်း NCA လိုက်နာပြီး အလေးထားပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) သည် နိုင်ငံတစ်ဝှမ်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ထောင်နှင့်ချီ သေဆုံးမှုအပေါ် မျက်ကွယ်ပြုပြီး တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် NUG, CRPH, PDF, MNDAA, TNLA, AA, KNPP, KNDF, PNLO, KIA နှင့် KNU တို့ကို ပြစ်တင်ပြောဆိုထားသည်။

“ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများဟာ နိုင်ငံရေးကိုအကြောင်းပြပြီး လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြခြင်းသာဖြစ်ပါတယ်။ သူတို့အနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ဖို့ထက် တစ်သီးတခြား ရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြတာကို တွေ့ရှိရပါတယ်။ တပ်မတော်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းဖို့လိုအပ်တဲ့ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ထပ်မံဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ အသုံးချမှုမခံရအောင် သတိပြုကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ထပ်မံအသိပေးပြောကြားလိုပါတယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။

NLD အစိုးရကြောင့် တိုင်းပြည်ဘဏ္ဍာနှင့် ပြည်တွင်းရေးလျှို့ဝှက်ချက်များ ပေါက်ကြားဆုံးရှုံးခဲ့ရပြီး ပြည်ပရောက် မြန်မာများက မြှောက်ထိုးပံ့ပိုး၍ နိုင်ငံကို ဖျက်ဆီးနေဟုလည်း စစ်ကောင်စီက စွပ်စွဲထားသည်။

မင်းအောင်လှိုင်က “မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလမှာ တစ်ခါတုန်းက မြန်မာ့သမိုင်းထဲကလို တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်းတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေဆုံးရှုံးခဲ့ရသလို မဖြစ်မနေထိန်းသိမ်းရမယ့် ပြည်တွင်းရေးလျှို့ဝှက်ချက်တွေကိုလည်း အလွယ်တကူ ပေါက်ကြားစေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ထမ်းဆောင် ခွင့်ရခဲ့ကြတဲ့ အစိုးရအာဏာပိုင်တွေကအစ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှားစွာကျင့်သုံးခဲ့ကြပါတယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း (စားပွဲဝိုင်း) ဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ချက်သည် လက်တွေ့ကျသော ကမ်းလှမ်းချက်မဟုတ်ကြောင်းနှင့် အတုအယောင် နိုင်ငံရေးကမ်းလှမ်းချက်ဖြစ်သည့်အတွက် အယုံအကြည်မရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုထားသည်။

အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် (တပ်မှူးချုပ်) ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း မြန်မာပြည်အတွင်း စစ်ပွဲနှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် မြန်မာစစ်တပ် (စစ်ကောင်စီ) ရှိနေခြင်းကြောင့် မတည်မငြိမ်မှုများနှင့် လက်နက်ကိုင်တိုက်ပွဲများမှာ ရှည်လျားနေရခြင်းဖြစ်သည်ဟု ဧရာဝတီနှင့်အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီလ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့အထိ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၅၈၂၁ ဦး သေဆုံးခဲ့ရပြီး ၂၇၅၄၅ ဦးမှာ ဖမ်းဆီးထောင်ချခံထားရကြောင်း AAPP က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ပတ်ပတ်လည် နယ်စပ်ဒေသရှိ မြို့ရွာများနှင့် စီးပွားရေးလုပ်ငန်းအများစုကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီး အမြန်မာပြည်အလယ်ပိုင်း မန္တလေးနှင့် နေပြည်တော် ဧရိယာတစ်ဝိုက်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အာဏာရှင် စစ်အုပ်စုနှင့် အာဏာရှင်စနစ်ပပျောက်ရေး (အလုံးစုံပျက်သုဉ်းရေး) အတွက် NUG ဦးဆောင်သော PDF များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။

အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ၎င်းတို့၏ တပ်စခန်းများ၊ ဌာနချုပ်များ၊ စစ်တိုင်းများကို လက်လွှတ်ဆုံးရှုံးနေရသည့်အပြင် လူအင်အားလည်း လျော့နည်းလာ၍ ဆယ်ကျော်သက် အပြစ်မဲ့ပြည်သူများအား အတင်းအဓမ္မဖမ်းဆီး စစ်မှုထမ်းခိုင်းနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ