Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(နိုင်ငံခြားတွင် အလုပ်လုပ်နေသော မိသားစုဝင်များ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်နေရသည့် ရခိုင်ပြည်အတွင်းက မိသားစုဝင်များ စားဝတ်နေရေးကျပ်တည်းလာ)

ရခိုင်တစ်ပြည်လုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေပြီး ငွေလွှဲလုပ်ငန်းများ ရပ်တန့်နေ၍ ဒေသခံပြည်သူများမှာ ခက်ခဲကျပ်တည်းမှုကို ပိုမိုရင်ဆိုင်နေရသည်ဟု စစ်တွေဒေသခံများက ပြောသည်။

စစ်တွေမြို့တွင် MPT ဖုန်းလိုင်းကလွဲ၍ ကျန် ဖုန်းဆက်သွယ်ရေးကွန်ရက်များမှာ ပြတ်တောက်နေပြီး အင်တာနက်လိုင်းက မည်သည့် ဖုန်းဆက်သွယ်ရေးမှ မရရှိဟု သိရသည်။

အင်တာနက်လိုင်းမရရှိ၍ ဘဏ် ကလွှဲပြီး အခြားသော ပြင်ပငွေလွှဲလုပ်ငန်း အထူးသဖြင့် KBZ PAY နှင့် WAVE MONEY ငွေလုပ်ငန်းမှာ ရပ်တန့်သွားပြီဟု အသက် ၄၀ အရွယ် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

” စစ်တွေမှာက MPT ဖုန်းလိုင်းကတော့ ရနေသေးတယ်။ Mytel ဖုန်းက ပြီးခဲ့တဲ့ ၃ ရက်လောက်နေ ပြတ်တောက်သွားပြီ။ တယ်လီနော၊ အိုရီးဒူး စတာတွေလည်း မရကြဘူး။ အင်တာနက်ကတော့ ဘယ်ဖုန်းလိုင်းမှ မရဘူး။ MPT လည်း စစ်တွေမြို့ထဲလောက်ပဲ လိုင်းလိုင်း နည်းနည်း ကောင်းတယ်။ မင်းဂံဘက်တွေဆို မရဘူး။ ဖုန်းလိုင်းလည်းအဆင်မပြေ အင်တာနက်လည်းမရတော့ ပြင်ပ ငွေလွှဲငွေပြောင်း လုပ်ငန်းတွေက ရပ်တန့်သွားပြီပေါ့။ ဘဏ်တွေကတော့ အလုပ်ဖြစ်နေပါသေးတယ်။ ” ဟု ပြောသည်။

ရခိုင်မြောက်ပိုင်းတွင် စစ်တွေမြို့ပေါ်နှင့် အမ်းမြို့ပေါ်မှာ MPT ဖုန်းလိုင်း အနည်းငယ်ရပြီး ကျန်ဖုန်းလိုင်းများ မရရှိကြောင်းနှင့် ရခိုင်တောင်ပိုင်းတွင် ဂွဒေသကို နေရာကွက်ကျား ဖုန်းလိုင်းမိပြီး အခြားသော ကျန်မြို့နယ်များအားလုံးတွင် ဖုန်းဆက်သွယ်ရေး လုံးဝမရရှိတော့ကြောင်း သိရသည်။

နိုင်ငံခြားတွင် အလုပ်လုပ်နေသော မိသားစုဝင်များ၏ ထောက်ပံ့မှုများဖြင့် ရပ်တည် စားသောက်နေရသော ရခိုင်ပြည်အတွင်းက မိသားစုဝင်များမှာ ငွေလွှဲလုပ်ငန်းရပ်တန့်သွားသည့်အတွက် စားဝတ်နေရေး မပြေလည်မှုကို စတင်ရင်ဆိုင်နေရပြီဟု စစ်တွေမြို့ ဘောက်သီးစုဒေသခံ ကလေး ၃ ဦးမိခင် အမျိုးသမီးတစ်ဦးက ပြောသည်။

” မလေးရှားမှာရှိတဲ့ အမျိုးသားရဲ့ လစဉ်ထောက်ပံ့ငွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတာ။ အခု ဖုန်းလိုင်းလည်းအဆင်မပြေ၊ ငွေလွှဲဆိုင်တွေလည်းမဖွင့်တော့ ဘယ်လိုလုပ်ရမလဲမသိဘူး။ ပုံမှန်ဆို KBZ Pay ကို အားကိုးနေရတာပေါ့နော်။ ဘဏ်တွေက သိပ်မလွှဲဖြစ်ဘူးလေ။ အခု ငွေဘယ်လို လွှဲရမလဲ မသိဘူး။ ဒီမှာက ကုန်ဈေးနှုန်းက ကြီးနဲ့။ အလုပ်က ထွက်လုပ်ဖို့လည်း ကလေးကတစ်ဖက်နဲ့ တော်တော့်ကို စိတ်ညစ်နေရပါတယ်။ ” ဟု ပြောသည်။

စစ်တွေမြို့မှာတောင် MPT ဖုန်းလိုင်းက ရနေသေး၍ ရခိုင်ပြင်ပရှိ မိသားစုဝင်များနှင့် အဆက်အသွယ်ရနေကြောင်းနှင့် ဖုန်းလိုင်း၊ အင်တာနက် လုံးဝမရရှိသော မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စသဖြင့် မြို့နယ်များက မိသားစုဝင်များမှာ မည်ကဲ့သို့ ဖြစ်နေကြမည်ကို စဉ်းစား၍မရကြောင်း သူမက ဆိုသည်။

ဖုန်းလိုင်း၊ အင်တာနက် မရသည့် အကျိုးဆက်အနေဖြင့် ရခိုင်ပြည်အတွင်း တိုက်ပွဲများအခြေအနေနှင့် စစ်ကောင်စီက နေရာအနှံ့ဗုံးကြဲတိုက်ခိုက်နေသည်ဟု သတင်းများလည်း ကောလဟာလ ထွက်ပေါ်နေပြီး ရခိုင်ပြင်ပရှိ မိသားစုဝင်များမှာ ရခိုင်ပြည်အတွင်းက မိသားစုဝင်များကို စိုးရိမ်ပူနေကြကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ