Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူများအပေါ် နေ့စဉ် ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ် သတ်ဖြတ်နေသော မြန်မာစစ်တပ် (စစ်ကောင်စီ) အား ကူညီထောက်ပံ့နေကြသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ကို သံအမတ် ဦးကျော်မိုးထွန်းက ပြစ်တင်ပြောဆိုလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက အမေရိကန်နိုင်ငံ ကုလဌာနချုပ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပသည့် ၇၉ ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအချို့မှာ မြန်မာပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်စေရန် စစ်ကောင်စီကို ကူညီမှုများ ပြုလုပ်လျက်ရှိပြီး လေယာဉ် လောင်စာဆီ၊ တိုက်လေယာဉ်နှင့် ဆက်စပ် နည်းပညာ များကို ပိုမိုတင်သွင်းမှု ပြုလုပ်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် အရပ်သားများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများသည် ယခုနှစ်ကုန်ပိုင်းတွင် ငါးဆကျော်တိုးမြင့်လာခဲ့ကြောင်း သိရသည်။

အရပ်သားပြည်သူများအား အကြောက်တရားရစေရန် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာဒေသများတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပိုမိုပြုလုပ်နေသည်ဟု ဆိုသည်။

စစ်ကောင်စီအာဏာပိုင်များမှ “ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း ယင်းဒေသတွင် လုံးဝ ငြိမ်းချမ်းမှု မရှိစေရ” ဟူ၍ အရှက်တရား ကင်းမဲ့စွာဖြင့် ပြောင်ပြောင်တင်းတင်း ပြောဆိုထားကြောင်း သံအမတ်ကြီးက ထောက်ပြထားသည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများကို အဖန်တလဲလဲ မေတ္တာရပ်ခံခဲ့သော်လည်း အဖွဲ့ဝင် နိုင်ငံအချို့မှာ မြန်မာပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်စေရန် စစ်ကောင်စီကို ကူညီမှုများ ဆက်လက် ပြုလုပ်နေကြဆဲဖြစ်သည်။

လေယာဉ် လောင်စာဆီ၊ တိုက်လေယာဉ်နှင့် ဆက်စပ် နည်းပညာများကိုလည်း ပိုမိုတင်သွင်းမှု ပြုလုပ်ခဲ့ကြောင်းနှင့် အာဏာသိမ်းယူပြီးနောက်ပိုင်းမှစ၍ နိုင်ငံတစ်ဝှမ်းတွင် လေကြောင်းမှ တိုက်ခိုက်မှုများကို အရှိန်မြင့် ဆောင်ရွက်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ဝေဖန်ထားသည်။

သမားရိုးကျ လက်နက်များကြောင့် လူပေါင်းအသက်များစွာ ဆုံးရှုံးနေရပြီး အဆိုပါ လက်နက်များ မဟုတ်မမှန်သူများ လက်ထဲ ရောက်ရှိ သုံးစွဲခြင်းကလည်း လူအများအပြား အသက်ဆုံးရှုံးခဲ့ရသော သာဓကများရှိရာ မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၎င်းက ဆိုသည်။
ရှမ်းပြည်နယ်၏ အကြီးဆုံးမြို့တစ်ခုဖြစ်သည့် လားရှိုးမြို့ကို (MNDAA) အဖွဲ့က ထိန်းချုပ်ထားနိုင်ခဲ့ချိန်မှစ၍ စစ်တပ်မှ အဆက်မပြတ် ဗုံးကြဲချနေခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်သူများ ရှိသည့်နေရာတွင် ငြိမ်းချမ်းမှုမရှိစေရဟု ပြည်သူများကို ခြိမ်းခြောက်ထားသည်။

လွန်ခဲ့သော ၄ လကျော်က စစ်ကောင်စီမှ နိုင်ငံအတွင်း ပျှမ်းမျှ တစ်နေ့လျင် ၇ ကြိမ် လေကြောင်း တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ရာ အရပ်သားများ အသက်ဆုံးရှုံးမှုနှင့် ပျက်စီးဆုံးရှုံးနေရမှုများသည် ပုံမှန်လိုဖြစ်လာနေကြောင်း သံအမတ်ကြီးက ပြောသည်။

၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းယူမှုသည် မှန်းဆထားသည်ထက်ပင် တိုင်းပြည်အား နောက်ပြန်ဆွဲသွားပြီး စစ်တပ်သို့ လက်နက်တင်ပို့မှု၊ တိုက်လေယာဉ်ဆီ တင်ပို့မှု မပြုလုပ်ရန်နှင့် ယင်းတို့၏ လုပ်ရပ်များအတွက် အရေးယူဆောင်ရွက်မှုပြုပေးရန် ကုလအဖွဲ့ဝင်နိုင်ငံများအား မေတ္တာရပ်ခံခဲ့သော်လည်း အချို့မှာ လုံးဝတုန့်ပြန်မှုမရှိခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြင်းပြင်းထန်ထန် ပြစ်တင်ထားသည်။

မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူများအား အသက်ကယ်တင်ပေးခြင်းအပေါ် အမှန်တကယ် စိုးရိမ်အလေးထားသည်ဆိုပါက စစ်ကောင်စီထံသို့ တိုက်လေယာဉ်လောင်စာဆီ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ လွဲပြောင်းပေးခြင်း ရပ်တန့်ခြင်းသည် အလွယ်ကူဆုံး လုပ်နိုင်သည့် အကောင်းဆုံးကူညီ ဆောင်ရွက်မှုဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ