Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသွားသည့် ဘုတလင်မြို့နယ် ရွှေတောင်ကျေးရွာ၏ မြင်ကွင်း

ဓါတ်ပုံများကို သွေးလန့်သူများနှင့် နှလုံးရောဂါရှိသူများ မကြည့်ရန်
https://t.me/TheWesternNews/15177

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာမှ အရပ်သား ပြည်သူ ၆ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်လိုက်ပြီး ခြေလက် အင်္ဂါများကို ခြံစည်းရိုးများတွင် ချိတ်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အရပ်သား ၆ဦး၏ ကိုယ်လက် အင်္ဂါများကို ဖြတ်ပြီး ခြံစည်းရိုးများတွင် ချိတ်ထားခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူများထုတ် အသားများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်၍ ရက်ရက်စက်စက် သတ်ဖြတ်ထား ဖြစ်ကြောင်းး ဒေသခံများ ကပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ဝင်ရာက်စီးနင်းခဲ့ပြီး အိမ်ခြေ ၃၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းနောက်ပိုင်းတွင် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညနေပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာသွားပြီးနောက် သတ်ဖြတ်ထားသော ပြည်သူ ၆ ဦး၏ အလောင်းများကို တွေ့ရှိရကြောင်း စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။

“စစ်တပ်က ပြည်သူ ၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ထားခဲ့တယ်။ ဦးခေါင်းတွေကို ဖြတ်ပြီး ခြံစည်းရိုးပေါ်ကို တင်ထားခဲ့တယ်။ ရွာကိုလည်း မီးရှို့တာ အိမ်ခြေ ၃၀၀ ကျော်လောက် မီး လောင်ဆုံးရှုံတယ်။ သေဆုံးသူတွေက စီပါရွာမှာနေထိုင်တဲ့ သက်ကြီးရွယ်အိုအမျိုးသား တွေပါ။ ကျန်တဲ့အသတ်ခံရသူတချို့ကတော့ ဘယ်က ဖမ်းခေါ်လာပြီး သတ်တာလဲအတိကျ ပြောလို့မရသေးဘူး။ ရုပ်အလောင်းတွေကလည်း ပုတ်ပွနေတယ်” ဟု ပြောသည်။

ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံစည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်ခြင်း၊ လူ၏ အူနှင့် ကလီစာများကို ရွာနေရာအနှံ့တွင် စွန့်ပစ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အသတ်ခံရသူတွေက သာမန်အရပ်သားတွေပါ။ စီပါကျေးရွာက ဦး‌တင်လှိုင် ၊ ဦးကြောင်ပို ၊ ဦးရာစိန်၊ ဦးဌေးလွင် နဲ့ ကျန် ၂ ဦး နာမည် မသိရသေးဘူး။ စိစစ်နေပါတယ်။ စုစုပေါင်း ပြည်သူ ၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားတာပါ” ဟု စီပါကျေးရွာပကဖ တာဝန်ခံ ကိုမိုးသောက်ကရှင်းပြသည်။

စီပါကျေးရွာကို မီးတင်ရှို့ပြီး ပြည်သူများကို သတ်ဖြတ်ခဲ့သော စစ်တပ်စစ်ကြောင်းမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းသည် ဘုတလင်မြို့နယ်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကာ ဓားစားခံပြည်သူ ၁၀၀ ဦး၀န်းကျင်ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်ခေတ်သစ်သည် Western News ၏ မဟာမိတ်ဖြစ်သည်

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ