Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ယောဒေသက စစ်ရှောင်ကလေးငယ်များအား တွေ့ရစဉ်။ (ဓါတ်ပုံ - Save for Yaw)

(လေကြောင့်တိုက်ခိုက်မှုကြောင့် ယောတပ် ရဲဘော်နှစ်ဦးပါအဝင် အရပ်သား ၁၀ ဦးသေဆုံး)

ယောဒေသကို စစ်ရာဇဝတ်မှု တင်မက လူမျိုးသုဉ်း သတ်ဖြတ်မှုအဖြစ် အာဏာသိမ်း စစ်ကောင်စီက တိုက်ခိုက်နေကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ပြောသည်။

စစ်ကောင်စီ (မြန်မာစစ်တပ်) က ယခုလအတွင်း ယောဒေသကို လေကြောင်းစစ်ဆင်ရေး ရက်ဆက်နီးပါး လုပ်ဆောင်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများနှင့် အရပ်သားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နေသည်ဟု ယောကာကွယ်ရေးတပ်က အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။

စုဆောင်းထားသော အချက်အလက်အရ ယခု အောက်တိုဘာလအတွင်း ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်ခဲ့ကာ ရဲဘော်နှစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးသွားကြောင်းနှင့် ၃၀ ကျော် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက် ညနေ ၃ နာရီခွဲအချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးအသုံးပြုပြီး ဖျက်အားပြင်းဗုံးသီးများ၊ ရော့ကတ်များဖြင့် ယောဒေသ နေရာ ၄ ခုကို လာရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ခံရမှုကြောင့် ဘော်ပြင်းကျေးရွာသို့ တာဝန်ဖြင့် ခေတ္တရောက်ရှိနေသော ထုတ်လုပ်ရေးဌာနမှ ဌာနမှုး ရဲဘော်ကျော်ဟိန်း (၃၃ နှစ်)နှင့် တပ်သား ရဲဘော်တာဇံ (၄၅ နှစ်ခန့်) တို့ ကျဆုံးခဲ့ပြီး အရပ်သားပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတိုက်ခိုက်မှုဖြစ်သည့် အောက်တိုဘာလ ၁၆ ရက်နေ့ အခြေအနေကို ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးအချက်အလက်များအား မသိရှိရသေးကောင်း ယောတပ်က ဆိုသည်။

စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်များကြောင့် နေ့စဉ်ဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး လူ၊ လက်နက်အင်အား အစွမ်းကုန်သုံးကာ အပြင်းအထန် ခုခံနေသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့တပ်ဖွဲ့ဝင်များ မြေပြင်တွင် ထိခိုက်သေဆုံးမှုများပြားနေ၍ မြေပြင်ထိုးစစ်ကို ရပ်တန့်ကာ ဝေဟင်မှ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည်ဟု ယောတပ် YPDF က ထုတ်ပြန်သည်။

စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များကိုပါမချန် လူမဆန်စွာ တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ လုပ်ရပ်များကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချကြောင်း ယောတပ်က ဆိုသည်။

ထို့ကြောင့် ယောတပ်အနေဖြင့် စစ်တပ်၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်များကို အမြစ်ပြတ်သည်အထိ ရည်မှန်းချက်ပန်းတိုင် တူညီသည့်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ အဖိနှိပ်ခံ ပြည်သူများနှင့်အတူ အစွမ်းကုန် တွန်းလှန်တိုက်ထုတ်သွားမည်ဟု ထုတ်ပြန်ထားသည်။

ပြည်သူလူထုအနေဖြင့်လည်း တော်လှန်ရေးမပြီးဆုံးသေးသည့်အတွက် တော်လှန်ရေးအသိ၊ တော်လှန်ရေး သတိဖြင့် ဆက်လက် ပူးပေါင်းပါဝင်ပေးကြရန်နှင့် စစ်ကောင်စီ သတင်းပေး၊ သူလျှို၊ ဒလန် မလုပ်ကြရန်လည် ယောတပ်က အလေးအနက် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ