Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာတွင် တွေ့ရသော ARSA တပ်ဖွဲ့ဝင်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းအမှတ် ၁၅ တွင် မွတ်ဆလင်လက်နက်ကိုင်များဖြစ်သည့် ARSA နှင့် RSO တို့ အချင်းချင်း ပစ်ခတ်မှုအတွင်း မွတ်ဆလင်ဒုက္ခသည် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ARSA နှင့် RSO တို့ကြား အကြိမ်များစွာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြသည်။

ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသည့် ဒုက္ခသည်များမှာ အသက် ၁၈ နှစ်အရွယ် အဗ္ဗဒူလာ၊ အသက် ၂၅ နှစ်အရွယ် မိုဟာမက် ယူနာ့စ်၊ အသက် ၃၀ အရွယ် အိုမာဖရက်၊ အသက် ၃၅ နှစ်အရွယ် မိုဟာမက် ဘီလေ၊ အသက် ၅၀ အရွယ် ဟာမီဒါတို့ ဖြစ်ကြသည်။

“ဒဏ်ရာရသူတွေကို MSF ဆေးရုံမှာ ကနဦး ကုသပေးခဲ့ပြီး ကော့ဘဇား ဆာဒါးဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေအရ အရေးယူဆောင်ရွက်နေပြီး စခန်းတွေမှာ ကင်းလှည့်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် သီးခြားဖြစ်ရပ်အနေဖြင့် အောက်တိုဘာလ ၁၇ ရက်နေ့မှာပဲ အသက် ၁၈ နှစ်အရွယ် NGO မွတ်ဆလင်ဝန်ထမ်းတစ်ဦးမှာ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တစ်ခု၏ လည်ပင်းညှစ်သတ်မှုကို ခံခဲ့ရပြီး သေဆုံးသွားကြောင်းနှင့် ကော့ဘဇား ဆာဒါဆေးရုံမှာ အလောင်းခွဲစိတ်မှု ပြုလုပ်နေကြောင်း သိရသည်။

ARSA နှင့် RSO တို့သည် ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များအား စစ်ထဲဝင်ရန် အတင်းအဓမ္မစည်းရုံးနေသလို ဒုက္ခသည်စခန်း၌ အာဏာရှိရေးအတွက် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်နေကြသည်။

၎င်းတို့ကို မထောက်ခံသော သို့မဟုတ် အဖွဲ့ဝင်အဖြစ် လက်မခံသော မွတ်ဆလင်များကို ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများကို ပြုလုပ်နေကြခြင်းဖြစ်သည်။

ARSA, RSO, ARA စသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှာ ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီနှင့်အတူပူးပေါင်းပြီး အာရက္ခတပ်တော် AA အား တိုက်ခိုက်နေကြသည်။

၎င်းတို့ သုံးဖွဲ့ကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ အပါအဝင် မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး အစွမ်းရောက်မွတ်ဆလင်များဟု ပြောဆိုသုံးနှုန်းကြသည်။

ရခိုင်ဒေသတွင် လှုပ်ရှားနေသော ARSA, RSO, ARA လက်နက်ကိုင်အဖွဲ့များကို AA က ရှင်းလင်းတိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက် မကြာခဏ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ