Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်ဖြစ်သည်)

ကချင်ပြည်နယ် အထူးဒေသ (၁) ရှိ ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ယမန်နေ့ အောက်တိုဘာလ ၁၈ ရက် ည ၉ နာရီက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သိရသည်။

ပန်ဝါမြို့ထဲက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ တပ်စခန်းများအားလုံးကို တိုက်ခိုက်ရှင်းလင်းကာ ညနေ ၅ နာရီက KIA ပူးပေါင်းတပ်ဖွဲ့က မြို့ထဲသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက အတည်ပြုထားကြသည်။

ပန်ဝါမြို့ခံတစ်ဦးက “မနေ့ ညနေ ၅ နာရီမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပါတယ်။ ပြည်သူ့စစ်တွေလည်း အဝတ်အစားတွေလဲပြီး ထွက်ပြေးကြတယ်။ ည ၉ နာရီမှာ ပန်ဝါမြို့ ပတ်ပတ်လည်မှာ စခန်းတွေ အကုန်သိမ်းသွားတယ်။ စခန်းတွေ မီးလောင်နေတာမြင်ရတယ်။ ဒီမနက် ၁၂ နာရီမှာ KIA စစ်သားတွေ ချီတက် တန်းစီပြီးဝင်လာတယ်။ ” ဟု ဆိုသည်။

ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘလဆန်းပိုင်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့က စစ်ကောင်စီတပ်ရင်းများနှင့် ပြည်သူ့စစ် စခန်းများကို ရှင်းလင်းကာ မြို့ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

KIA သတင်းရင်းမြစ်က “စစ်ခွေးစခန်းကုန်ပြီ….မရှိတော့ဘူး။ ရှင်းလင်းရေး လုပ်ရဦးမယ်။ လေကြောင်း သတိထားရပါတယ်။ သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေ များပါတယ်။ စစ်ခွေးနဲ့ ပြည်သူ့စစ်တွေ ထွက်ပြေးသွားတာလည်းရှိတယ်” ဟု ပြောသည်။

ပန်ဝါမြို့သည် တရုတ်နိုင်ငံနှင့် အလွန်နီးကပ်သော နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲများကြောင့် ပြည်သူအများစုမှာ တရုတ်ဘက်သို့ စစ်ရှောင်ရန်သွားကြစဉ် တရုတ်ဘက်က ဝင်ခွင့်မပေး၍ တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် ပိတ်မိနေကြဆဲဖြစ်သည်။

ပန်ဝါမြို့ကို စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ (၁) နယ်ခြားစောင့်တပ်များက ထိန်းချုပ်ခဲ့သော မြို့ဖြစ်ပြီး လက်ရှိတွင် KIA က သိမ်းပိုက်လိုက်ပြီဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ