Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တအောင်းတပ် TNLA ထိန်းချုပ်ထားသော ရှမ်းမြောက် နောင်ချိုမြို့ကို ယခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ ကလေးငယ်များအပါအဝင် ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၅ နာရီကျော်အချိန်တွင် နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်ရပ် ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

တောင်ရပ် ရပ်ကွက်နေ ဦးကျော်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဦးကျော်အပါအဝင် သမီးငယ်နှစ်ဦးနှင့်အတူ ၃ ဦးစလုံး သေဆုံးသွားခဲ့ရသည်။

ဆက်လက်ပြီး နံနက် ၅ နာရီခွဲအချိန်ခန့်တွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရ၍ ဦးပြားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးပြားနှင့် ၎င်း၏ဇနီးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

လပြည့်ည ၁၀ နာရီအချိန်ခန့်တွင် စစ်ကောင်စီ ဗုံး သဖန်ကိုင်းရပ်ကွက်နှင့် ရဲစခန်းဝန်းထဲသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများမှာ ထိခိုက်ခဲ့ခြင်းဖြစ်သည်။

သီတင်းကျွတ်ညအခါသမယအချိန်တွင် ပြည်သူလူထုများ စုဝေး၍ ရပ်ကွက်၊ ဘုရားကျောင်းကန်များတွင် ဆီမီးပူဇော်ကုသိုလ်ယူနေကြသည်ကို သိလျက် ရဟန်းရှင်လူ ဒေသခံပြည်သူလူထုများကို ဦးတည်ပြီး ထိုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်မှုသည် ရက်စက်ယုတ်မာသည့်လုပ်ရပ်ဖြစ်ကြောင်း TNLA က ဆိုသည်။

စစ်ကောင်စီတပ်သည် မူဆယ်မြို့မှအပ ရှမ်းမြောက်ရှိမြို့များအားလုံး လက်လွှတ်ဆုံးရှုံးပြီးနောက် ရှုံးမဲမဲကာ စစ်ရေးပစ်မှတ်မဟုတ်သော်လည်း ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်များပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ