Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်နှင့် မောင်တောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေ၍ ယခုရက်အတွင်း ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကြောင်း သိရသည်။

ဂွမြို့နယ် ကုလားပြင်အနီးက ဒယ်ဘုတ်ကျေးရွာကို အောက်တိုဘာလ ၁၅ ရက် နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားသည်။

သေဆုံးသူများမှာ အသက် ၄၂ နှစ်အရွယ် ဦးမောင်တင်ရွှေ၊ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်မျိုးမြင့်နှင့် အသက် ၅၀ အရွယ် ဦးတင်ရွှေတို့ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် မေနှင်းသူ၊ အသက် ၂၅ နှစ်အရွယ် မချိုချိုဝင်း၊ အသက် ၃၀ အရွယ် ကိုမျိုးမြင့်အောင်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စန်းကြည်နှင့် အသက် ၅၉ နှစ်အရွယ် ဒေါ်ခင်ထွေးတို့ဖြစ်သည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၁ နာရီကလည်း မောင်တောမြို့နယ် ဒုညောင်ပင်ကြီး ကျေးရွာကို စစ်ကောင်စီ စစ်သင်္ဘောများက လက်နက်ကြီးပစ်ခတ်၍ အပြစ်မဲ့ မွတ်ဆလင် ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ် ရာဘီယာ၊ အသက် ၂၉ နှစ် အယာစ်၊ အသက် ၄၂ နှစ် ဟာဆောင်၊ အသက် ၃၄ နှစ် အီနစ်နှင့် အသက် ၆၅ နှစ် ခေါ်ဘီရ်တို့ဖြစ်သည်။

တိုက်ပွဲကို အကြောင်းပြု၍ စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီးများ အရပ်သားနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေသည်။

အမ်းမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး ဒေသခံပြည်သူ ၁၀၀ ကျော်မှာ အမ်းကနေ မကွေးတိုင်းဘက်သို့ စစ်ရှောင်သွားချိန် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ပဒါန်းလမ်းကို အသုံးပြု၍ မကွေးဘက်သို့ ကား ၁၅ စီးဖြင့် သွားနေစဉ်အတွင်း ကျီးကန်းတောင်နှင့် ၆ မိုင်ဂိတ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဆိုပါ စစ်ရှောင် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မည်သည့်နေရာများသို့ ဖမ်းဆီးသွားခြင်းကို မသိရ၍ မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေကြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် အရေးပါသော အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာကုန်းကို AA က သိမ်းပိုက်ပြီးနောက် လက်ရှိတွင် အမ်းမြို့အနီးရှိ စစ်ကောင်စီတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ