Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာမှ သေဆုံး ဒဏ်ရာရရှိသူများအားတွေ့ရစဉ်၊ ဓါတ်ပုံ- APM

ဓါတ်ပုံများကို Western News ၏ တယ်လီဂရမ်တွင် ကြည့်ပါရန်


https://t.me/TheWesternNews/15197

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ရခိုင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲမှုကြောင့် ကိုယ်ဝန် ၇ လခန့်ရှိ အမျိုးသမီးတစ်ဦး၊ ၃ လအရွယ်ရှိ ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၁ ရက်နေ့ ညဉ့် ၁ နာရီ ၄၄ မိနစ်လောက်က စစ်ကောင်စီတပ်၏ လေကြောင်းက လာရောက်ဗုံးကြဲခြင်းဖြစ်ပြီး ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်လာသူ ညီမအရင်းနှစ်ဦးအပါအဝင် ၅ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်က ညဉ့်အချိန်မှာ ဗုံးလာကြဲတာပါ။ လူတွေ အိပ်နေတဲ့အချိန် ဗုံးလာကြဲချသွားတာ။ အဲ့ဒီမှာ ကလေး ၃လအရွယ်တစ်ဦးပါတယ်။ ပြီးတော့ ကိုယ်ဝန် အရင့်အမာနဲ့ တစ်ဦးသေတယ်။ သေဆုံးတဲ့အထဲမှာ ညီမအရင်းနှစ်ယောက်ပါတယ်။ ပြီးတော့ ကျေးရွာ ဒေသခံ ၃ဦးသေဆုံးပါတယ်။ အိပ်နေတဲ့အချိန် ဗုံးလာကြဲတော့ ငါသေသွားပါလား ဆိုတာကိုတောင် သိရှာမှာ မဟုတ်ဘူး “ဟုပြောသည်။

စစ်ကောင်စီတပ်က ယင်းကဲ့သို့ ဗုံးကြဲမှုကြောင့် ကျေးရွာတွင် အနည်းဆုံး ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ပြီး နေအိမ်အချို့နှင့် ဆိုင်ကယ်များ ပျက်စီးခဲ့သလို တိရိစ္ဆာန်တစ်ချို့လည်း ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါကျေးရွာကို လာရောက်ဗုံးကြဲခြင်းမှာ စစ်ကောင်စီတပ်ကို သတင်းပေးမှုကြောင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်ဟု နောက်ထပ် ကျေးရွာသားတစ်ဦးက ပြောသည်။

“အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတာပါ။ အဓိက စစ်ရှောင်နေတဲ့ သူတွေ၊ အရပ်သားတွေ နေတဲ့နေရာတွေကို လာကြဲတာပါ။ အဆာအဖွဲ့အကနေ တစ်ဆင့် သတင်း ပေါက်သွားပြီးတော့ လာရောက်ပြီးတော့ ဗုံးကြဲတာလည်း ဖြစ်နိုင်တယ်”ဟုပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ သေဆုံးသူညီမ နှစ်ဦးထဲမှ ဖခင်ဖြစ်သူမှာ မကြာသေးခင်က အဆာအဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူဖြစ်ပြီး ယခုတစ်ကြိမ်မှာ ညီမဖြစ်သူနှစ်ဦးနှင့် ၎င်းတို့၏ သုံးလအရွယ်ငယ်တစ်ဦး ကိုယ်ဝန် ၇လ ခန့်ရှိတို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေသခံများ၏ ပြောဆိုချက်အရ မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက ကြည်း/ရေ/လေ ပူးပေါင်းပစ်ခတ်မှုများ လုပ်ဆောင်နေကာ အာဆာအဖွဲ့မှလည်း AA အား တိုက်ခိုက်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ