Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၃ ခုနှစ်အတွင်းက ပြစ်ဒဏ်မှ လွတ်လာသော အကျဉ်းသားအချို့။ (ပုံဟောင်းဖြစ်သည်)

ရန်ကုန်တိုင်းဒေသမှာ ခိုးဆိုးလုယက် ဒုစရိုက်သမားများနှင့် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားများကို စစ်ကောင်စီသည် အမှုကပယ်ဖျက်ပြီး စစ်မှုထမ်းခိုင်းနေကြောင်း စုံစမ်းသိရသည်။

ယခု အောက်တိုဘာလအတွင်းမှာ စတင်ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အချုပ်သားများကို စစ်သားစုဆောင်းနေခြင်းဖြစ်သည်။

သတင်းရင်းမြစ်က “ရင်ဆိုင်နေရတဲ့ အမှုတွေကို ပယ်ဖျက်ပေးပြီးတော့ တပ်သားသစ်အဖြစ် နိုင်ငံတော်အတွက် စစ်မှုထမ်းခိုင်းတာရှိပါတယ်။ အမှုရင်ဆိုင်နေရတဲ့ အချုပ်သားတွေ အဖြစ်ကနေ အမှုပယ်ဖျက်ပေးတာပါ။ အမျိုးသားတွေ၊ လူငယ်လေးတွေ ပါပါတယ်” ဟု ပြောသည်။

နှစ်ရှည်ထောင်ဒဏ်ကျနိုင်သည့် အချုပ်သားများကို စစ်ကောင်စီက အပြစ်ခံယူမည်လား၊ စစ်မှုထမ်းမည်လား ဟု မေးမြန်းကြောင်းနှင့် အချုပ်သားအများစုက စစ်မှုထမ်းရန် ရွေးချယ်ကြကြောင်း သိရသည်။

ရဲသတင်းရင်းမြစ်က “စစ်မှုထမ်းမလား အပြစ်ကျခံမလား မေးကြည့်တဲ့အခါ စစ်မှုထမ်းမယ်ဆိုရင် တစ်ခါတည်း အမှုပယ်ဖျက်ပြီး သင်တန်းကျောင်း ပို့ပေးတာပါ။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ တပ်နဲ့ ရဲဘက်က ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယင်းအပြင် စစ်ကောင်စီသည် မူးယစ်ဆေးဝါးအမှုဖြင့် အချုပ်ကျနေသူများကိုလည်း စစ်မှုထမ်းရန် စည်းရုံးကြောင်းနှင့် ကျန်းမာရေးကောင်းမွန်သူများကို အဓိက ဦးစားပေးခေါ်လျှက်ရှိကြောင်း သိရသည်။

“ကျန်းမာရေးမကောင်းမွန်တဲ့ ဆေးသုံးစွဲသူတွေကိုတော့ မခေါ်ယူဘူး။ အမှုပယ်ဖျက်တာကတော့ ထွေ/အုပ်နဲ့ ရဲဘက်ကနေ စာနဲ့ ပယ်ဖျက်ခိုင်းတယ်။ မြို့နယ် တရားရေးနဲ့ဥပဒေရုံး ဘက်က အမှုကို ပယ်ဖျက်ပေးတာပါ” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

စစ်မှုထမ်း အပတ်စဉ် ၆ အတွက် အာဏာသိမ်း စစ်ကောင်စီမှာ လူရှာရ ခက်ခဲနေ၍ အပြစ်သားများကို အမှုပယ်ဖျက်ခြင်းနှင့် အလဲအလှယ်လုပ်ကာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တရားမဝင် စစ်သားစုဆောင်းခြင်းနည်းလမ်းကြောင့် အပတ်စဉ် ၆ မှာ သတ်မှတ်ထားသည့် အရေအတွက်ထက် ပိုမိုရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ဆက်စပ်သတင်းများ