(ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်တစ်ဦး ကျဆုံး)
အာရက္ခတပ်တော် AA က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲတွင် ကျောင်းသားလက်ရုံးတပ်တော် SAF လည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွက် အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်း၊ စေ့ချောင်းဗျူဟာကုန်းနှင့် မဲတောင်ဗျူဟာကုန်းတို့ကို AA က သိမ်းပိုက်ပြီးနောက် အမ်းမြို့အနီး တိုက်ပွဲ ရောက်ရှိလာခြင်းဖြစ်သည်။
ကျောင်းသားလက်ရုံးတပ်တော် အပါအဝင် အခြားသော မိတ်ဖက်တပ်များဖြင့် AA သည် အမ်းမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပြီး လက်ရှိ အမ်းမြို့ထဲက နပခ ဌာနချုပ် တပ်ရင်းများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်းဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင်သည့်တိုက်ပွဲအတွင်း ကျောင်းသားလက်ရုံးတပ်တော် SAF မှ ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း SAF က အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
အဖိနှိပ်ခံ လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ မျက်နှာမူလျက် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း မဟာမိတ်ရဲဘော်များဖြင့် စစ်ကောင်စီတပ်ကို ရဲဝံ့စွာတွန်းလှန်တိုက်ခိုက်ခဲ့သည့် ရဲဘော် ၅၈၆ အား ဦးညွတ်အလေးပြုကြောင်း SAF က ဆိုသည်။
အသက်ပေးလှူ ကျဆုံးခဲ့မှုအပေါ်မှာလည်း ကျောင်းသားလက်ရုံးတပ်တော် အနေဖြင့် များစွာ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။
ရဲဘော် ၅၈၆ အပါအဝင် ပေးဆပ်သူတို့၏ သွေးခင်းလမ်းဖြင့် တည်ဆောက်ထားသည့် တော်လှန်စစ်ကို ဆုံးခန်းတိုင်အောင် ကျန်ရှိရဲဘော်များက ဆက်လက်တိုက်ခိုက်၍ နိုင်ငံတော်သစ်ကို တည်ဆောက်မည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ပြောသည်။
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများသည် ကျောင်းသားလက်ရုံးတပ်တော် SAF ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာရက္ခတပ်တော် AA ၏ ထောက်ပံ့ကူညီမှုဖြင့် တပ်တော်၏လွတ်မြောက်နယ်မြေတွင် အခြေခံစစ်ပညာများကို သင်ယူခဲ့ကြသည်။
ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၂ နာရီကျော်အချိန်က အမ်းမြို့နယ် လောင်းစပ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့၍ အပြစ်မဲ့အရပ်သား ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
တိုက်ပွဲနှင့်မဆိုင်သည့် အရပ်သားနေ ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ရွာသားများက ပြောဆိုကြသည်။