Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ချင်းပြည်နယ် မတူပီ CDF မှ တပ်မဟာ ၂ တပ်ဖွဲ့ဝင်များနှင့် ခေါင်းဆောင်အချို့အား တွေ့ရစဉ်။ (ဓါတ်ပုံ - CDF)

အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရသော ချင်းပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် မတူပီ တပ်မဟာအချင်းချင်း ညှိနှိုင်းပြေလည်ပြီး ကြားခံအဖွဲ့အစည်းတစ်ခုဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု သိရသည်။

ဒေသခံပြည်သူများ အပူအပင်မရှိ နေရပ်ပြန်နိုင်ရန် တတိယအဖွဲ့အစည်း (ကြားခံအဖွဲ့အစည်း) မှ တစ်ဆင့် ကြိုးပမ်းဆောင်ရွက်မည်ဟု မတူပီတပ်မဟာ ၂ က အောက်တိုဘာလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

မတူပီမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် CDF မှာ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့ရှိပြီး ၎င်းတို့မှာ မူဝါဒနှင့် သဘောထားမတိုက်ဆိုင်၍ နှစ်ခြမ်းကွဲသွားကြသည်။

မတူပီ တပ်မဟာ ၁ CDF သည် ချင်းညီနောင်တပ်ဖွဲ့သို့ ဝင်ရောက်သွားပြီး မတူပီ တပ်မဟာ ၂ မှာ ချင်းလဲန်းကောင်စီ အဖွဲ့ဝင်ဖြစ်သွားပြီး ချင်းညီနောင်တပ်ဖွဲ့နှင့် ချင်းလဲန်းကောင်စီမှာ သဘောထားများ ကွဲနေကြသည်။

သို့သော်လည်း မတူပီဒေသအတွင်းက အိုးအိမ်စွန့်ခွာ စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် မတူပီတပ်မဟာ အချင်းချင်း ညှိနှိုင်းပြေလည်ပြီး ကြားခံအဖွဲ့ကတစ်ဆင့် ဒေသခံပြည်သူများအား နေရပ်ပြန်ပို့သွားမည်ဖြစ်သည်။

ပြည်သူ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၏ ဝန်ကြီးဌာနများနှင့်အတူ ချိတ်ဆက်ဆောင်ရွက်မည်ဟု CDF- မတူပီ တပ်မဟာ ၂ က ထုတ်ပြန်သည်။

မတူပီတပ်မဟာ ၂ သည် ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းအမျိုးသား ပိုက်နက်နယ်မြေကို ကာကွယ်ရန်နှင့် ချင်းပြည်လွတ်မြောက်နိုင်ရန် ချင်းလဲန်းကောင်စီ လက်အောက်ခံဖြစ်သော ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၆ လအတွင်း မတူပီတပ်မဟာ ၂ က ရဲဘော်တစ်ဦး ကျဆုံးပြီး ခြေထောက်ဆုံးရှုံးသူ တစ်ဦးနှင့် ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ကြောင်း သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်ရေးအရ AA ကူညီပေးသော ချင်းညီနောင်တပ်ဖွဲ့နှင့် CNF ဦးဆောင်သော ချင်းလဲန်းကောင်စီတို့ကြား AA ပါဝင်လာသည်ကို အကြောင်းပြု၍ ပြဿနာဖြစ်ပွားခဲ့ပြီး နှစ်ဖက် တင်းမာနေကြဆဲဖြစ်သည်။

မတူပီ တော်လှန်ရေးတပ်ဖွဲ့များ အချင်းချင်း၊ ဒေသအသီးသီးရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများကြားတွင် သဘာထားကွဲလွဲမှုများကို အဖြေရှာကာ ညှိနှိုင်းပြေလည်ကြရန် မတူပီမြို့နယ် ဒေသ ၃ နှင့် တပ်ရင်း ၃ တို့က အောက်တိုဘာလ ၂၁ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့ကြသည်။

ဆက်စပ်သတင်းများ